Monday, June 17, 2013

ခုနစ်လကျော်အတွင်း တရားမဝင်ကုန်စည် ကျပ်သိန်းပေါင်း ငါးသောင်းကျော်ဖိုး ဖမ်းမိ 17.6.2013


တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ Mobile Team (ရွေ့လျား စစ်ဆေးရေးအဖွဲ့) သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့အထိ ခုနစ်လကျော် ကာလအတွင်း တရားမဝင် ကုန်စည် ကျပ်သိန်းပေါင်း ငါးသောင်းကျော်ဖိုး ဖမ်းဆီး စစ်ဆေး အရေးယူနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများထဲမှ တရုတ်နယ်စပ်ဖြစ် သည့် မူဆယ်-မန္တလေး လမ်းကြောင်းသည် တရားမဝင် လမ်းကြောင်းမှ ကုန်စည် စီးဆင်းမှု အများဆုံးဖြစ်ကြောင်း အဆိုပါဌာန အမှုဖွင့် အရေးယူနိုင်မှု စာရင်းဇယားများအရ သိရသည်။

ယခုလ ဇွန်လ ၁ ရက်နေ့မှ ၁၄ ရက် နေ့ထိ မူဆယ်-မန္တလေး လမ်းကြောင်းမှ ဖမ်းဆီး ရရှိမှုမှာ ကျပ်သိန်းပေါင်း ခြောက်ထောင်ကျော် ရှိကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအဖွဲ့(၁) ခေါင်းဆောင် ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်လတ်က ပြောကြားသည်။

တရားမဝင် သယ်ဆောင်မှုမှာ မူဆယ်-မန္တလေး လမ်းကြောင်းပေါ်တွင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို ပြည်တွင်းသို့ ယာဉ်ကြီးများဖြင့် သယ်ယူခြင်း၊ ညအခါတွင် သယ်ဆောင်ခြင်း၊ အထောက်အထားများဖြင့် လိမ်လည်ခြင်းတို့ အများဆုံး တွေ့ရကြောင်း ၎င်းက ထပ်မံပြောကြားသည်။

"လိုင်စင်မှာ မော်ဒယ်လ်နိမ့် ပစ္စည်းနဲ့ အခွန်ဆောင်ထားပြီး သွင်းလာ တာ။ မော်ဒယ်လ်မြင့် ပစ္စည်းဖြစ်နေတာမျိုးတွေ တွေ့ရတယ်" ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်လတ်က ဆိုသည်။

အများဆုံး ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ဖုန်းဟန်းဆက်များ၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ အကင်ဆိုင်များတွင် အဓိက ရောင်းချသည့် အေးခဲ အသားများ၊ ဖဲထုပ်များဖြစ်ကြောင်းလည်း ၎င်းထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများအနက် စားသောက်ကုန် ပစ္စည်းများ ကို မီးရှို့ ဖျက်ဆီးပြီး လူသုံးကုန် ပစ္စည်းများကိုမူ အကောက်ခွန်ဦးစီးဌာနသို့ စာရင်းဇယားဖြင့် အပ်နှံကာ ပြည်သူပိုင်အဖြစ် သိမ်းဆည်းကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

"ကျွန်တော်တို့ဆီမှာ ၁၅၀၀ တန် ဖုန်းချပေးတဲ့ အရေအတွက်ရယ် လိုင်စင်နဲ့ သွင်းနေတဲ့ တယ်လီဖုန်း ဟန်းဆက် အရေအတွက်နဲ့ တွက်ကြည့်ရင် ဟန်းဆက်တွေ တရားမဝင် ဝင်နေတယ်ဆိုတာ သိသာနေတယ်" ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းကို ဖမ်းဆီး စစ်ဆေး အရေးယူခြင်းမှာ တရားဝင်လမ်းကြောင်းဖြင့် တင်သွင်းလာနိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ပြီး Mobile Team များကို သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် လွှဲပြောင်း ပေးအပ်မည်ဖြစ်ရာ မူဆယ်-မန္တလေး လမ်းကြောင်း တွင် ရှောင်ကွင်းလမ်း အများဆုံးရှိသည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ဇွန်လ ၁၄ ရက်နေ့က လွှဲပြောင်းပေးပြီး မန္တလေးတိုင်းဒေသကြီးကလည်း Mobile Team ဖွဲ့စည်းပြီးဖြစ်ကြောင်း ရှမ်းပြည်နယ်နှင့်
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တို့ထံမှ သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဦးစီးသည့် Mobile Team အဖွဲ့အနေနှင့် ဆိုင်ကယ်ကယ်ရီဖြင့် တရားမဝင် ဝင်လာနေသည့် လက်နက် အစိတ်အပိုင်းများ၊ မူးယစ်ဆေးဝါးများနှင့် စားသုံးကုန်၊ လူသုံးကုန် ပစ္စည်းများကို ကြပ်မတ် စစ်ဆေးပေးရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းအောင်မြတ်က စစ်ဆေးရေး အဖွဲ့ဝင်များကို ပြောကြားထားသည်။

"အစိုးရအဖွဲ့တွေက ဦးစီးတဲ့ Mobile Team စစ်ဆေးရေး မှတ်တမ်းတွေကို အမြဲမပြတ် စောင့်ကြည့် လေ့လာနေမှာပါ။ တိုးတက်မှုမရှိရင် ဘာလုပ်ရမလဲ ဆိုတာတော့ မသိသေးဘူး" ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင် က ပြောကြားသည်။

၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး ပမာဏ လျာထားချက် ကျော်လွန်၍ အမေရိကန် ဒေါ်လာ ၁၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အတွက် လျာထားချက်မှာ အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၅ ဘီလီယံရှိကြောင်း၊ ယင်းသို့ လျာထားချက် ပြည့်မီစေရန်မှာ တရားမဝင် ကူးသန်းရောင်းဝယ်မှုများ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်လာပါက လျာထားချက် ပြည့်မီနိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment