Monday, June 17, 2013

မြစ်ကြီးနား ကချင်ရိုးရာပွဲတွင် လူ ၁၀၀ ကျော် အစာအဆိပ်သင့် မြစ်ကြီးနား၊ ဇွန် ၁၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက်အုပ်စု ဂျမိုင်ကောင်း ရပ်ကွက်တွင် ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သော ရိုးရာပွဲ တစ်ခုဖြစ်သည့် အိမ်ထောင်စု ဝတ်ပြု ဆုတောင်းပွဲတွင် ဧည့်ခံ ကျွေးမွေးသည့် ကချင်ရိုးရာ ဒံပေါက်နှင့် ဖျော်ရည် စားသောက်သူများအနက်မှ လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း ကချင်ပြည်နယ်
ကျန်းမာရေး ဦးစီးဌာနမှူးနှင့် မြို့ခံများက ပြောကြားသည်။

ဂျမိုင်ကောင်း ရပ်ကွက် အိမ်ရှင် ဦးလပန်တန်၏ နေအိမ်တွင် ပြုလုပ်သော အိမ်ထောင်ဝတ်ပြု ဆုတောင်းပွဲတွင် ဧည့်ခံ ကျွေးမွေးရန်အတွက် နံနက် ၈ နာရီမှ စတင်ကာ ကြက်သား၊ မုန်လာဥနီ၊ နံနံပင် စသည်တို့ဖြင့် ကချင်ရိုးရာ ဒံပေါက်ကို ချက်ပြုတ်ပြီး မွန်းလွဲ ၃ နာရီတွင် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင် ကလေးများ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းများကြောင့် ည ၇ နာရီခန့်တွင် ဂျမိုင်ကောင်း ခရစ်ယာန် အသင်းတော်မှ ကားများဖြင့် မြစ်ကြီးနားဆေးရုံနှင့် မလိဇွပ် အထူးကုဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း နယ်မြေမှူး ဦးဆံယူးဂန်က The Voice သို့ ပြောကြားသည်။

"၁၀ နှစ်အရွယ် ကျွန်တော်သားက ညနေ ၅ နာရီမှာ လေး၊ ငါးကြိမ်လောက် ဝမ်းလျှောပြီးအန်တယ်။ တစ်ရပ်ကွက်လုံး ဖြစ်နေတာသိလို့ ဆေးရုံ ကို ပြေးလာတာ"ဟု အစာအဆိပ်သင့်သူ ကလေးငယ် တစ်ဦး၏ ဖခင်က ဆိုသည်။

အစာအဆိပ်သင့် လူနာများတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အော့ အန် ခြင်း၊ သွေးပေါင်ကျခြင်း၊ သတိလစ်သကဲ့သို့ဖြစ်ခြင်း စသည့် လက္ခဏာ များကို တွေ့ရှိရပြီး အချိန်မီ ရောက်ရှိခြင်းမရှိပါက အသက်အန္တရာယ် စိုးရိမ် ရကြောင်း မလိဇွပ် ဆေးခန်း မှ ဒေါက်တာ ဂျိုးဇက်က ပြောကြားသည်။

မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် အစာအဆိပ်သင့်မှုဖြင့် ရောက်ရှိလာသူ ကလေး ၅၀ ကျော်နှင့် လူကြီး ၃၀ ကျော် ရှိကြောင်း၊ မလိဇွပ် ဆေးခန်းရှိ အစာအဆိပ်သင့်လူနာ ၂၇ ဦးကိုလည်း မြစ်ကြီးနား ဆေးရုံကြီး သို့ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း ပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာ ကြည်လွင်က ပြောကြားသည်။

No comments:

Post a Comment