Monday, June 17, 2013

ပြည်တော်ပြန် မြန်မာများကို လေဆိပ် လဝက ငွေကောက်လျှင် အရေးယူမည် ရန်ကုန်၊ ဇွန် ၁၆


ပြည်ပနိုင်ငံများက ပြန်လာသည့် မြန်မာနိုင်ငံသားများကို လေဆိပ် လူဝင်မှု ကြီးကြပ်ရေး (လ.ဝ.က) ငွေကြေး ကောက်ခံပါက တိုင်ကြားနိုင်ပြီး အမှန်တကယ် ကောက်ခံပါက အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ရေဆိပ်လေဆိပ် တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

အကြမ်းဖက်မှု ဂယက်များကြောင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန်လ ၁၁ ရက်နေ့တွင် ပြန်လာသည့် အလုပ်သမား တစ်ဦးထံမှ လေဆိပ်ရှိ (လ.ဝ.က) ဂိတ်က လိုင်းကြေး အဖြစ် ကျပ်တစ်သိန်း ကောက်ခံသည် ဆိုသည့် သတင်းမမှန်ကြောင်း ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

လေဆိပ်တွင် ငွေကောက်ခံခြင်း အပါအဝင် ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ပါက ခိုင်လုံသော အထောက်အထား (စီးလာသည့် လေယာဉ်နံပါတ်၊ စစ်ဆေးခံခဲ့သည့် ကောင်တာ၊ ကောင်တာ တာဝန်ကျသူ စသည်) အတိအကျနှင့် တိုင်ကြားရန် လိုအပ်ကြောင်း ဦးကျော်မြင့်က ထပ်မံပြောကြားသည်။

ပြစ်မှု ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ယင်းဝန်ထမ်းကို ကျူးလွန်သည့် ပြစ်မှုအရ ထောင်ဒဏ်၊ အလုပ်ထုတ်မှု စသည့် ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသော လုပ်သားတစ်ဦးထံမှ
မြန်မာနိုင်ငံလေဆိပ် (လ.ဝ.က) ဂိတ်က ကျပ်ငွေ တစ်သိန်း
ကောက်ခံခဲ့သည့် သတင်းများ ထွက်ပေါ်လာသဖြင့် စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ခဲ့ပြီး ယင်းဖြစ်စဉ်မှာ မှန်ကန်မှု မရှိကြောင်း ဇွန်လ ၁၆ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် (ပြည်ပ) တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အပါအဝင် အကြီးတန်း အရာရှိများက ရှင်းလင်းခဲ့သည်။

“ကျွန်မစီးလာတဲ့ လေယာဉ်နဲ့ မရှေးမနှောင်း မလေးရှားကနေလာတဲ့ Asia Wings လေယာဉ်က အရင် ဆိုက်တယ်။ ရန်ကုန်လေဆိပ် ဝင်ပေါက် တန်းစီတော့ အဲ့ဒီလေယာဉ်က လူတွေနဲ့ တန်းစီရတယ်။ ကျွန်မရှေ့တင် တန်းစီနေတဲ့ သူတွေက ပတ်စ်ပို့ စာအုပ်ထဲ ဒေါ်လာညှပ်ပြီး လေဆိပ်က ဝန်ထမ်းတွေကို ပေးတာ မြင်ခဲ့ရတယ်။ ဘယ်လောက် ထည့်ပေးလိုက်ရလဲ ဆိုတာတော့ သေချာမမြင်ဘူး။ ဒါပေမဲ့ ပြန်လာတဲ့ လူတွေကတော့ အလုပ်သမားတွေပဲ”ဟု ၂၀၁၁ ခုနှစ်အတွင်း ဗီယက်နမ်မှ သင်တန်းတက်ပြီး ပြန်လာစဉ် လေဆိပ်တွင် ကြုံတွေ့ခဲ့ရသည်ကို အသက်၂၇ အရွယ် အမျိုးသမီးတစ်ဦးက ပြန်လည် ပြောကြားသည်။

မေလ၂၉ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သူပေါင်း ၃၃၀၀ ကျော် ရှိသည်။

No comments:

Post a Comment