Monday, June 17, 2013

လူနာများ ပြင်ပမှ ဆေးဝယ်ယူနေရသည့်ကိစ္စ လွှတ်တော်တွင် ကျန်းမာရေးဝန်ကြီး ရှင်းမည် နေပြည်တော်၊ ဇွန် ၁၆


နေပြည်တော်တွင် ရုံးစိုက်သည့် လွှတ်တော်နှင့် အစိုးရအဖွဲ့များထံ ယခုနှစ်အတွင်း အစီရင်ခံသည့် နိုင်ငံတော် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဆေးရုံလူနာများ ပြင်ပတွင် ဆေးဝယ်ယူ သုံးစွဲနေရခြင်းနှင့် ပတ်သက်ပြီး ထည့်သွင်းထားသဖြင့် ယင်းကိစ္စကို လွှတ်တော်တွင် ပြန်ရှင်းလင်းမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က
ပြောကြားခြင်း ဖြစ်သည်။

ပြည်နယ်နှင့်တိုင်း စာရင်းစစ်များက ဆေးရုံများတွင် တက်ရောက် ကုသနေသည့် လူနာများကို ဆေးဝါးများ အလကားပေးရန် ဆေးရုံများ တွင် ရေးထားသော်လည်း ပြင်ပတွင် ဆေးဝယ်ယူနေရသည့် အကြောင်းကို ပြည်နယ်နှင့် တိုင်းစာရင်းစစ် ဦးစီးမှူးများက တညီတညွတ်တည်း စာရင်းစစ်ချုပ်ကို အစီရင်ခံသောကြောင့် စာရင်းစစ်ချုပ်က လွှတ်တော်နှင့် အစိုးရအဖွဲ့သို့ အစီရင်ခံစာတွင် ထည့်သွင်း ရေးထားကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အခမဲ့ ကုသနိုင်သည့် အစီအစဉ် မရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“၁၉၈၉-၁၉၉၀ ခုနှစ်မှစ၍ စီးပွားရေး ပိတ်ဆို့မှုကြောင့် အခမဲ့ကိစ္စ မတတ်နိုင်ခြင်း ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ကျင်းပပြီးစီးသွားသည့် ဆဋ္ဌမအကြိမ် လွှတ်တော်နှစ်ရပ် ပုံမှန်အစည်း အဝေးများတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်သည် အခမဲ့ကုသ ပေးမည့် အစီအစဉ် လုပ်ဆောင်မည်ဟု တစ်ကြိမ်မျှ မပြောဖူးကြောင်း လွှတ်တော် ကိုယ်စားလှယ်များကလည်း ပြောကြားသည်။

စာရင်းစစ်များကလည်း ပကတိ အခြေအနေမှန်ကို လေ့လာရမည့်အပြင် လွှတ်တော်၌ ဝန်ကြီးများ ပြောဆိုချက်များကိုလည်း လေ့လာထား သင့်ကြောင်း နေပြည်တော်ရှိ ဌာနဆိုင်ရာ ဝန်ထမ်း အချို့က ဆိုသည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး စရသည့် အချိန်မှစ၍ အခမဲ့ ဆေးကုသသည့် အစီအစဉ်ကို စတင်ခဲ့ပြီး ၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အစိုးရမှ ဆိုရှယ်လစ်စနစ် အကောင်အထည်ဖော်ရေး မူဝါဒအရ ဆင်းရဲသား လုပ်သားပြည်သူများ အခမဲ့ကုသရေး အစီအစဉ်ကို ၁၉၈၈ အထိ အကောင်အထည် ဖော်ခဲ့သည်။

No comments:

Post a Comment