Wednesday, June 5, 2013

ပြင်ဦးလွင်တွင် ရုပ်ရှင်စတူဒီယိုဆောက်ရန် မြေဧက ၃၀ ရရှိဟုဆို ရန်ကုန်၊ ဇွန်၎

မြန်မာ့ ရုပ်ရှင်ဇာတ်ကားများ၏ အရည်အသွေး တိုးတက်မှုအတွက် အထောက်အပံ့ပေးနိုင်မည့် ရုပ်ရှင်စတူဒီယိုတစ်ခု တည်ဆောက် ရန် ပြင်ဦးလွင်မြို့တွင် မြေဧက ၃၀ ရရှိအောင် နိုင်ငံတော်သမ္မတရုံး ဝန်ကြီး နှစ်ဦးက ဆောင်ရွက်ပေးခဲ့သည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးလူမင်းက The Voice သို့ ပြောကြားသည်။

“ဇွန်လ ၂ ရက်နေ့က ကိုယ်တို့ ရုပ်ရှင်လောကရဲ့ လိုအပ်ချက်တွေ ကို ဆွေးနွေးအပြီးမှာပဲ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ချက်ချင်း ဆက်သွယ်ပြီး စတူဒီယို ဆောက်ဖို့အတွက် ပြင်ဦးလွင်မှာ မြေဧက ၃၀ ရအောင် ကူညီ ဆောင်ရွက်ပေးခဲ့တာပါ။ ကိုယ်တို့တစ်သက်လုံးမှာ စတူဒီယိုနဲ့ မရိုက်ခဲ့ရပါဘူး။ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးမှာ ရိုက်ရင်တောင် မျက်နှာငယ်ငယ်နဲ့ ရိုက်ခဲ့ရတာပါ။ ဆိုင်ရှင်တွေရဲ့ ငြိုငြင်တာတွေလည်း ခံရတယ်” ဟု ရုပ်ရှင် စတူဒီယိုများ မရှိမှုကြောင့် ရိုက်ကူးရေးပိုင်းတွင် အခက်အခဲများ ကြုံတွေ့ရပုံကို ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာတွင် စတူဒီယိုများ မရှိခြင်းကြောင့် အသံ ဖမ်းယူမှုအပိုင်းတွင် အားနည်းမှုများရှိကြောင်း ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ဆိုသည်။

မြန်မာ့ရုပ်ရှင်လောက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စီမံကိန်းများ ချမှတ်ကာ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သရုပ်ဆောင် လူမင်းက ပြောကြားသည်။

No comments:

Post a Comment