Monday, June 10, 2013

ဖမ်းဆီး တော်ဝင်လုပ်သားများ ချက်ချင်းလွှတ်ပေးရန် တောင်းဆို ရန်ကုန်၊ ဇွန် ၉


ပဋိပက္ခဖြစ်ပွားပြီး ငါးလအကြာတွင် ပိုင်နက်ကျူးကျော်မှုအပါအဝင် ပုဒ်မလေးခုဖြင့် ဖမ်းဆီးခံထားရသော တော်ဝင်မိသားစု သစ်အချောထည် စက်ရုံ လုပ်သား ၁၄ဦးကို ချက်ချင်း ပြန်လွှတ်ပေးရန် စက်မှုဇုန်လေးခုမှ လုပ်သား ၂၀၀ ခန့် ရန်ကုန်မြို့တော် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ဇွန်လ ၉ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြောင်း လုပ်သားအရေး ဆောင်ရွက်သူဦးကျော်ကျော် က ပြောကြားသည်။

ရွေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ အဆိုပါစက်ရုံမှ ဖမ်းဆီးခံရသည့် လုပ်သားများ ချက်ချင်း လွှတ်ပေးရန်၊ အလုပ်သမားများကို ဖိနှိပ်မှု ချက်ချင်း ရပ်ရန်၊ ပုဒ်မ ၁၈ (တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသူများကို အရေးယူသည့် ပုဒ်မ) ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ပြီး ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ လုပ်သားများကို ဖမ်းဆီး တရားစွဲခြင်းကို ရှုတ်ချကြောင်း ကြွေးကြော်ခဲ့ကြသည်။

“အလုပ်သမားတွေ မလွှတ်မချင်း လွတ်လပ်ရေးကျောက်တိုင်ရှေ့ လာပြီး တောင်းဆိုနေရမှာပဲ” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မှ အလုပ်သမား ခေါင်းဆောင် တစ်ဦးက ဆိုသည်။

ယင်းတောင်းဆို ဆန္ဒပြမှုတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီစက်မှုဇုန် တို့က လုပ်သားအပြင် ဖမ်းဆီးခံ တော်ဝင်လုပ်သားများ၏ မိသားစုများလည်း ပါဝင်ခဲ့ကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရှိရသည်။

တော်ဝင်စက်ရုံ လုပ်သားများက ပြင်ပလုပ်ငန်းများကို မပို့ရန် အပါအဝင် အချက်ငါးချက်ရရှိရန် ဆန္ဒပြ တောင်းဆိုခဲ့ရာ တောင်းဆိုချက် လေးချက်ကို အလုပ်ရှင် လိုက်လျောပေးရန် ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက် ချခဲ့သော် လည်း အလုပ်ရှင်က မလိုက်နာခဲ့သဖြင့် ဆန္ဒပြမှု ထပ်မံဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သစ်အချောထည်စက်ရုံ၌ ရိုက်နှက်မှု ဖြစ်ပွားခဲ့ သဖြင့် လူ၁၀ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး လှော်ကားရဲတပ်ဖွဲ့စခန်းတွင် အလုပ်ရှင်၊ လုပ်သား အပြန်အလှန် အမှုဖွင့်ခဲ့ကြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားပြီး ငါးလခန့်အကြာ မေလ ဒုတိယပတ်တွင် လှော်ကား ရဲတပ်ဖွဲ့စခန်းက အလုပ်သမား ပိုင်နက်ကျူးကျော်မှု (ပုဒ်မ ၄၅၂)၊ အကျိုး ဖျက်ဆီးမှု (ပုဒ်မ ၄၂၇)၊ သာမန်နာကျင်စေမှု (ပုဒ်မ ၃၂၃)၊ အားပေးကူညီမှု (ပုဒ်မ ၁၁၄) တို့ဖြင့် အမျိုးသမီးငါးဦး အပါအဝင် အလုပ်သမား ၁၄ဦးကို ဖမ်းဆီးခဲ့သည်။

အလုပ်ရှင် အလုပ်သမား အပြန်အလှန် တရားစွဲဆိုထားမှုတွင် ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ကို မလိုက်နာသည့် အလုပ်ရှင်ကို တစ်စုံတစ်ရာ အရေးယူမှုမရှိဘဲ လုပ်သားများကိုသာ ဖမ်းဆီး အရေးယူခြင်း မှာ လုပ်သားထု တစ်ရပ်လုံးကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဆန္ဒပြ လုပ်သားများက ဆိုသည်။

တော်ဝင်မိသားစု သစ်အချောထည်စက်ရုံမှ စက်ရုံမှူးဦးညွှန့်သိန်းကမူ “ခုံသမာဓိ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတဲ့အနေနဲ့ အလုပ်ပြန် ဆင်းခွင့်ပေးပါတယ်။ ဆန္ဒပြကာလ လုပ်ခတစ်ခုကိုပဲ မလိုက်လျောခဲ့တာ”ဟု The Voice သို့ ပြောကြားသည်။

No comments:

Post a Comment