Monday, June 17, 2013

အိမ်ပြန်ခရီး မချောမွေ့ပါ --------------------------------- မလေးရှားနိုင်ငံတွင် စိုးတထိတ်ထိတ်ဖြင့် နေထိုင်ရသော မြန်မာများ၏ အိမ်အပြန်ခရီးမှာလည်း အခက်အခဲများစွာရှိနေဆဲဖြစ်ပါသည် ရေးသားသူ- အောင်သူရ


မလေးရှားနိုင်ငံရောက် မြန်မာများကို ကူညီပေးနေသော ပီနန်းနာရေး ကူညီမှုအသင်း၏ အလုပ်အမှုဆောင်များမှာ တစ်ညလျှင် လေးနာရီထက် ပိုမအိပ်ရသည်မှာ တစ်ပတ်ခန့် ရှိပါပြီ။

မလေးရှားနိုင်ငံတွင် မနေရဲတော့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသည့် အလုပ်သမားများ ဆက်သွယ်မေးမြန်းသော ဖုန်းများအား ဆက်တိုက်လက်ခံဖြေကြားနေရသဖြင့် မအိပ်နိုင်ခြင်းဖြစ်ကြောင်း ပီနန်းနာရေးကူညီမှုအသင်း ဘဏ္ဍာရေးမှူးဦးဝင်းမြင့်ဦးက ပြောသည်။

အလားတူ ဧရာဝတီ ဖောင်ဒေးရှင်းက ကြေညာပေးထားသော မြန်မာနိုင်ငံသို့ပြန်ရန် ဆက်သွယ်စုံစမ်းနိုင်သည့် ကွာလာလမ်ပူအခြေစိုက် ကူညီနေသူများ၏ ဖုန်းနံပါတ်ပိုင်ရှင်များမှာလည်း သွားလေရာ ဖုန်း ၁၀ လုံးကို အားသွင်းနိုင်သည့် (Power Bank) ယူသွားနေရသည်။ ဆက်တိုက်လာနေသော ရွှေမြန်မာများ၏ စုံစမ်းမေးမြန်းမှုများကို ဖြေကြားနိုင်ရန်ဖြစ်ပါသည်။

ပြန်လို၍ ဆက်သွယ်လာသူအများစုမှာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကူးလက်မှတ်မရှိသူ အများဆုံးဖြစ်ပြီး ၎င်းတို့ထံတွင် နိုင်ငံကူးလက်မှတ်မိတ္တူ၊ မှတ်ပုံတင် မိတ္တူတို့သာ ရှိကြသူများသည်ဟု ဧရာဝတီဖောင်ဒေးရှင်းနှင့် လက်တွဲ နေသော ကိုသီဟမောင်မောင်ကပြောသည်။ ထိုသို့ အဖြစ်ကြုံသူ အများစုမှာလည်းမိန်းကလေးအများစုဖြစ်ကြသည်။ ထို့ကြောင့် မနေရဲ၍ ပြန်ချင်သူအများစုမှာ လေယာဉ်လက်မှတ် အလကားရသော်လည်း မြန်မာနိုင်ငံသို့ ပြန် ရန် ခက်ခဲနေကြရသည်။ အချို့ လုပ်သားများမှာ တရားဝင် အလုပ်လုပ်ကိုင်နေကြသော်လည်း လုပ်ငန်းရှင်များက နိုင်ငံကူးလက်မှတ် သိမ်းထားကြပြီး မနေရဲ၍ ပြန်ချင်သဖြင့် နိုင်ငံကူးလက်မှတ်ပြန်တောင်းရာတွင် အလုပ်ရှင်များက ပြန်မပေးကြ၍ အခက်တွေ့နေကြသည်။

“ကျွန်တော်တို့က အေးဂျင့်နဲ့လာတာမနေရဲတော့လို့ ပြန်ချင်တယ်ပြောတော့ သူဌေးက လက်မခံဘူး။ ဘာမှလည်း မလုပ်ပေးဘူး။ ပတ်စပို့တောင်းတာလည်း မပေးဘူး။ သံရုံးက မှတ်ပုံတင်မိတ္တူရှိရင် ပြန်လို့ရတယ်ပြောလို့ CI (နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ်) လျှောက်ပြီးပြန်မယ်”ဟု ပဋိပက္ခဖြစ်ပွားခဲ့သည့် ဆာလာရန်းအရပ်၌ အလုပ်လုပ်ကိုင်နေသည့် ကိုမျိုးမြင့် အောင်က ဇွန် ၁၅ ရက်တွင် ပြောသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပျက်နေသော ပဋိပက္ခများနှင့်ပတ်သက်၍ မလေးရှားအလုပ်ရှင်အများစုကသာမန်ဖြစ်ရပ်လိုသာ သဘောထားကြပြီး တစ်ပတ်နှစ်ပတ်ခန့်ကြာလျှင် ပြဿနာပြီးသွားမည်ဟု ပြောဆိုနေကြကာ စိုးရိမ်မှုမရှိကြောင်း မလေးရှား အခြေစိုက် MR Manpower မှ အကြီးတန်းမန်နေဂျာ Ma Tiffanie Lai ကပြောသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်ကပင် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းနည်းသဖြင့် မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံသားများ လာရောက်အလုပ်လုပ်ကိုင်ကြသည်။ အများစုမှာ အစိုးရက တရားဝင် ခွင့်ပြုထားသော အေဂျင်စီများနှင့် လမ်းဘေးပွဲစားများကို အကျိုးဆောင်ခ အနည်းဆုံးကျပ် ၁၀ သိန်းပေး၍ လာခဲ့ကြရသူများဖြစ်သည်။ အချို့မှာ ထိုင်းနိုင်ငံနယ်စပ် (အောက်လမ်း) မှတစ်ဆင့် တရားမ၀င်လာရောက်အလုပ်လုပ်ကိုင်နေကြသူများဖြစ်သည်။

အေးဂျင့်များကတစ်ဆင့် တ ရားဝင်လမ်းကြောင်းမှ လာရောက်ကြသော်လည်း အပြောတစ်မျိုး၊ အ လုပ်တစ်မျိုးဖြစ်ကြသဖြင့် ပြောထားသည်ထက် လုပ်ခများစွာနည်း၍ အလုပ်ပြောင်းလုပ်ကြရင်း တရားမ ၀င်နေထိုင်သူများ ဖြစ်သွားသူများ စွာရှိသည်။

“အေးဂျင့်ကို လာတုန်းက ဆယ့်ငါးသိန်းပေးရတယ်။ ဒီရောက်တော့ ဟိုမှာပြောတဲ့အလုပ်နဲ့ ဒီမှာရတာ တစ်မျိုးဖြစ်တော့ ခြောက်လလောက် လုပ်ပြီး တခြားနေရာရွှေ့လုပ်တော့ အို (တရားမ၀င်နေထိုင်သူ) ဖြစ်သွားတယ်” ဟု ကျောက်ပန်းတောင်းမြို့ နယ် ဘိုကုန်းရွာမှ လာရောက်အလုပ်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အမှန်အကန်ဖြင့်လာရောက်သူများအနေဖြင့် တရားမ၀င် ဖြစ်သွားသောအခါ အချို့မှာ ပါမစ်အတုများ၊ နိုင်ငံကူးလက်မှတ်အတု၊ ပါမစ်အစစ်များနှင့် နယ်မြေခံရဲတပ်ဖွဲ့အား ပိုက်ဆံပေး၍ နေထိုင်လုပ်ကိုင်နေကြရသည်။

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင်ပါမစ်ကိုင်ဆောင်သူ၊ UNHCR ကတ် (ဒုက္ခ သည်ကတ်) ကိုင်ဆောင်ထားသူ၊ UN ကတ်အတု၊ တိုင်းရင်းသားကတ် ကိုင်ဆောင်ထားသူ၊ နိုင်ငံကူးလက် မှတ်အတု ပါမစ်အစစ် ကိုင်ဆောင်ထားသူ၊ ပါမစ်အတု နိုင်ငံကူးလက်မှတ်အစစ်ကိုင်ဆောင်ထားသူနှင့် တိုင်ပတ်နိုင်ငံကူးလက်မှတ် (လူမပြန်ဘဲ နိုင်ငံကူးလက်မှတ်အသွားအပြန်လုပ်နေသော စာအုပ်) ကိုင် ဆောင်ထားသူဟူ၍ အမျိုးမျိုးရှိကြောင်း မလေးရှားရောက် ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့မှကိုအောင်ကြီးက ပြောသည်။

ထိုကဲ့သို့ အတုများပြုလုပ်ရန် အတွက် အနည်းဆုံး မလေးရှား ရင်းဂစ် ၈၀၀ မှ ၁၀၀၀ ( ၁ ရင်းဂစ်လျှင်ကျပ် ၃၀၀ ၀န်းကျင်ရှိ) ကြား ပေးဆောင်ကြရသည်။

မေလမှစတင်ကာ မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများ အသတ်ခံရပြီးနောက်ပိုင်း ဆက်လက်မနေရဲသူများ အိမ်ပြန်နိုင်ရန်အ တွက် တရားမ၀င်နေထိုင်သူများအား မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်မိတ္တူ၊ မှတ်ပုံ တင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက် (သို့မဟုတ်) ရဲစခန်း ထောက်ခံစာတစ်ခုခုပြနိုင်ပြီး သံရုံးသို့ ကိုယ်တိုင်လာလျှောက်ပါက မြန် မာနိုင်ငံသို့ ပြန်နိုင်ရန် နိုင်ငံသားဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးမည်ဟု ဇွန် ၁၄ ရက်တွင် ကြေညာခဲ့သည်။ နိုင်ငံသားသက် သေခံလက်မှတ် ရရှိသွားသူများအ နေဖြင့် မလေးရှားနိုင်ငံ လူဝင်မှုကြီး ကြပ်ရေးဌာနတွင် ဒဏ်ငွေရင်းဂစ် ၄၀၀ (ကျပ်နှစ်သိန်းခန့်) ဆောင်ပြီးပါက ပြည်တော်ပြန်နိုင်သည်။ မြန်မာသံရုံးမှ အဆိုပါလက်မှတ်ကို ရရှိအောင် တစ်ရက်တည်းနှင့်ပြီးအောင် ဆောင်ရွက်ပေးမည်ဟု ကြေညာထားသော်လည်း မလေးရှားလ၀က တွင် ဒဏ်ကြေးဆောင်ရသည်မှာ အ နည်းဆုံး သုံးရက်ကြာမြင့်မည်ဖြစ် သည်။ ယခင်မလေးရှားလ၀က၌ ဒဏ်ကြေးဆောင်လျှင် အချိန်အ နည်းဆုံး တစ်လ၀န်းကျင်ရှိသည်။

အဆိုပါအစီအစဉ်မှာ ကွာလာလမ်ပူမြို့တွင်နေထိုင်လုပ်ကိုင်နေ သူများအနေဖြင့် အဆင်ပြေနိုင်သော်လည်း ပီနန်းနှင့် ဂျိုဟိုးစသော ဒေသများတွင် အလုပ်လုပ်ကိုင်နေပြီး ပြန်ချင်သူများအတွက် အဆင်မပြေပေ။

“စက်ရုံကနေ ပီနန်းတောင် မလာရဲတော့တာ ကွာလာလမ်ပူကို ဘယ်လိုသွားလုပ်မလဲ။ ကွာလာလမ်ပူကို လိုင်းကားစီးသွားလို့ ရပေမယ့် သံရုံးကို မသွားတတ်ဘူး”ဟု မလေးရှားနိုင်ငံတွင် မနေရဲတော့သဖြင့် အိမ်ပြန်ရန်ကြိုးစားနေသူ ပီနန်းမြို့တွင် အလုပ်လုပ်ကိုင်နေသော မနီနီဝင်းက ပြောသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ဆက်လက်မနေရဲသူများမှာ ယခုရက်ပိုင်းအတွင်း ထိုင်း၊ မလေးရှားနယ်စပ်မှတစ်ဆင့် တရားမ၀င်အောက်လမ်းမှ ခိုးပြန်ကြရသည်။ ထိုသို့ပြန်ရန်အတွက် မြန်မာငွေကျပ်လေးသိန်းကျော် ပေးရပြီး တစ်ရက်နှင့်တစ်ည ကားစီးရကာ ထိုင်းမြန်မာနယ်စပ်ရှိ မြ၀တီ မြို့သို့ ပို့ပေးသည်။

“မိဘတွေ စိတ်ပူလို့ပဲ ဖြစ် ဖြစ်၊ ကြောက်လို့ပဲဖြစ်ဖြစ် ပြန်ကြတဲ့ လူတွေထဲမှာ အပေါ်လမ်းက ပြန်တာစိတ်ကူးပဲရှိတယ်။ တကယ်အကောင်အထည်ဖော်ဖြစ်ရင် အောက်လမ်းက ပြန်တာ ၇၀ ရာခိုင်နှုန်းရှိတယ်”ဟု ပီနန်းနာရေးကူညီမှုအသင်းမှ ကိုဘိုမြကပြောသည်။

“သံရုံးသွားတာထက်စာရင် အောက်လမ်းကပြန်တာမြန်တယ်။ သံရုံးသွားရင် ကွာလာလမ်ပူတက်ရမယ်။ ပြဿနာမဖြစ်ဘူးလို့ ဘယ်သူအာမခံလဲ။ နောက်သံရုံးမှာ တစ်ရက်၊ လ၀ကမှာ သုံးရက်ကြာဦးမယ်” ဟု ကိုဘိုမြက ပြောသည်။

သို့သော် ပဋိပက္ခများဖြစ်ပွား ပြီး တရားမ၀င်အောက်လမ်းမှ ပြန်သူများကို ဖမ်းဆီးနေပြန်သဖြင့် ယခုရက်ပိုင်းအတွင်း တရားမ၀င်လမ်းကြောင်းမှမပြန်ကြရန် မလေးရှားရောက် လူမှုကူညီရေးအသင်းများက အကြံပြုထားသည်။

ထို့အပြင် မြန်မာနိုင်ငံလေဆိပ်အ၀င်တွင် ငွေကြေးများပေးဆောင်နေရသည့်သတင်းများကြားနေရသဖြင့် အထောက်အထားမရှိသူများမှာ တရားဝင်လမ်းကြောင်းက ပြန်လာရန် ကြောက်ရွံ့နေကြသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများမှာ ကွာလာလမ်ပူ၊ ပီနန်းနှင့် ဂျိုဟိုးမြို့များအတွင်း အလုပ်လုပ်ကိုင်နေကြပြီး အနည်းဆုံး လူငါးသိန်းကျော်ရှိကြောင်း မြန်မလာအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။ ပီနန်းတွင် နှစ်သိန်းခန့်နှင့် ဂျိုဟိုးတွင် တစ်သိန်း ခန့်ရှိသော်လည်း ကွာလာလမ်ပူမြို့တွင်သာ မြန်မာသံရုံးရှိပြီး အခြား နေရာများတွင် ရုံးခွဲများမရှိပေ။

မြန်မာသံရုံးတွင် ၀န်ထမ်း ၁၀ ဦးသာရှိပြီး ၀န်ထမ်းအခက်အခဲကြောင့် ပီနန်းနှင့် ဂျိုဟိုးမြို့များတွင် ရုံးခန်းဖွင့်လှစ်၍ နိုင်ငံသားသက်သေခံလက်မှတ်ထုတ်ပေးရန် မလွယ်ကူသလို ပီနန်းနှင့် ဂျိုဟိုးမြို့များတွင် မလေးရှား လ၀ကရုံးရှိသော်လည်း မြန်မာနိုင်ငံသို့ပြန်ရန် တရားမ၀င်နေထိုင်သူများ ဒဏ်ငွေဆောင်ရန် ဆောင်ရွက်ပေးမည်မဟုတ်ဟု သိရကြောင်း ဧရာဝတီဖောင်ဒေးရှင်းအား ကူညီဆောင်ရွက်နေပြီး မြန်မာ
သံရုံး၏ ယုံကြည်မှုရထားသော ကိုသီဟမောင်မောင်က ပြောသည်။

“ထိုင်းနိုင်ငံမှာလို အလုပ်သမားအရေးကို ဆောင်ရွက်ပေးနိုင်တဲ့ အလုပ်သမားသံမှူးခန့်ထားလိုက်ရင်တော့ အဆင်ပြေသွားမယ်ထင်တယ်”ဟု ကိုဘိုမြက အကြံပြုသည်။ ထို့ကြောင့် ဇွန် ၁၇ ရက်တွင် အ ထောက်အထားမဲ့သော မြန်မာနိုင်ငံသား ၂၃ ဦးမှာ မြန်မာနိုင်ငံသို့ ပြန်ကြတော့မည်ဖြစ်သည်။

ထိုပမာဏမှာ လက်ရှိပြန်ချင် သူများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသော ပမာဏဖြစ်မည်။ လက်ရှိအခြေအနေတွင် မလေးရှား ရောက်မြန်မာများမှာ အပြင်ထွက်ရန်ပင် စိုးရိမ်နေကြပြီး အိမ်တံခါး လာခေါက်မည်ဆိုလျှင်ပင် ဖွင့်မပေး ရဲသော အခြေအနေ၌သာ ရှိနေပါ သေးသည်။ အိမ်ပြန်ဖို့ဆိုသည်မှာလည်း အနည်းဆုံးနောက်ထပ်တစ် ပတ်ခန့်ကြာမည်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် နောက်ထပ် ပဋိပက္ခများ မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းနေ ကြရကြောင်း မလေးရှားရောက် မြန်မာများက ဆိုလေသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

No comments:

Post a Comment