Monday, June 17, 2013

ဗိုလ်ချုပ် စောလားပွယ်ကို မူးယစ်ရာဇာအဖြစ် ဆုငွေထုတ်ခြင်း ထိုင်းအစိုးရ ပြန်တောင်းပန်ဟုဆို မြဝတီ၊ ဇွန် ၁၆

ကရင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေးကို ထိုင်းအစိုးရက ၂၀၁၂ ခုနှစ် မတ်လအတွင်းက မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ခဲ့ခြင်း ကို ပြန်လည် တောင်းပန်ထားကြောင်း DKBA တပ်ဖွဲ့မှ ဗိုလ်ချုပ် စောမိုရှေး က ပြောကြားသည်။

ယင်းအကြောင်းအရာကို ဗိုလ်ချုပ် စောလားပွယ် နေအိမ်တွင် သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

သို့သော် လာရောက် တောင်းပန်သည့်အချိန်ကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိသကဲ့သို့ မေးမြန်းရာတွင်လည်း အတိအကျ ပြောကြားခြင်း မရှိပေ။

ထိုင်းအစိုးရက ဗိုလ်ချုပ်စောလားပွယ်ကို မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်ချက်မှာ မှားယွင်းပါသည်ဟု ထိုင်းထောက်လှမ်းရေးက လာရောက် တောင်းပန်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် စောမိုရှေးက ရှင်းပြသည်။

"အင်တာနက်ပေါ်မှာ တရားဝင် တင်ပေးဖို့ (ထိုင်းထောက်လှမ်းရေး ကို) တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ထိုင်းအစိုးရက တရားဝင် လုပ်ဆောင်ပေးတာ မရှိသေးပါဘူး" ဟု ၎င်းက ဆိုသည်။

DKBA တပ်သားများ မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း မပြုလုပ်ရန် အမိန့် ထုတ်ထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပြုလုပ်ပါက ပြစ်ဒဏ်နှင့်အညီ ထိရောက်သော အရေးယူမှု လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်စောလားပွယ်က ပြောဆိုသည်။

"မူးယစ်ဆေးဝါးတွေက ကျွန်တော်တို့ တပ်ထဲကမဟုတ်ဘူး" ဟုလည်း ဗိုလ်ချုပ် စောမိုရှေးက ဆိုသည်။

DKBA ၏ စစ်ဗျူဟာမှူး ဗိုလ်မှူး စန်းအောင်ကမူ တပ်ဖွဲ့နာမည်ကို အသုံး ချပြီး တပ်သားများ မူးယစ်ဆေးဝါး ရောင်းဝယ်သည်ကို လက်ပူးလက်ကြပ် ဖမ်းဆီးမိပါက ပြည်သူအများရှေ့တွင် သေနတ်ဖြင့် ပစ်သတ် အရေးယူမည် ဟု ဆိုထားသည်။

No comments:

Post a Comment