Thursday, June 6, 2013

မြန်မာပြည်ရှိ နိုင်ငံခြားရေးရုံးအား ၀ိုင်းဝန်းဆန္ဒပြမည်

မလေးရှားတွင် ဖြစ်ပွားခဲ့သော မြန်မာများသေဆုံးမှုနှင့်
မလေးရှားရဲများ၏ မြန်မာအလုပ်သမားများအား အစုအလိုက်အပြုံလိုက်
ဖမ်းဆီးခံရခြင်းများအတွက် မလေးရှားရှိ မြန်မာသံရုံး၏ တာဝန်မဲ့ပြုလုပ်ခြင်းများအား မကျေနပ်သောကြောင့် မြန်မာပြည်ရှိ နိုင်ငံခြားရေးရုံးအား ၀ိုင်းဝန်းဆန္ဒပြကြရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးဆောင်စီစဉ်နေသူများမှာ မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ၏ မိသားစုများဖြစ်ပြီး တရားဝင်ဆန္ဒပြခွင့်ရရှိအောင် တင်ပြဆောင်ရွက်သွားမည်ဟု သိရသည်။

နဂိုကတော့ မလေးရှားရောက်နေတဲ့သူတွေက မြန်မာသံရုံးကို ၀ိုင်းဆန္ဒပြကြမလို့လေ။ ဒါပေမဲ့ ဟိုမှာ ဖမ်းဆီးတာတွေများနေတော့ ဒီကပဲ ဆန္ဒပြကြတော့မယ်။ ဆန္ဒပြခွင့်အတွက်လည်း တရားဝင် တောင်းခံကြမှာပါဟု ဦးဆောင်သူ တစ်ဦးက ဆိုသည်။

ယင်းက ဆက်လက်ပြောကြားရာတွင် မလေးရှားကိစ္စနှင့် ပတ်သက်၍ မြန်မာသံရုံး၏ အရေးယူဆောင်ရွက်ပုံမှာ တာဝန်မဲ့လွန်းကြောင်း ထို့ပြင် ယင်းကိစ္စဖြစ်ဖြစ်ချင်းမှာလည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မဟုတ်မမှန်သတင်းများဖြင့် ဖုံးဖိရန်ကြိုးစားခဲ့သေးကြောင်း ယင်းတာဝန်ရှိသူများ၏ မျက်နှာလွှဲခဲပစ်လုပ်ကိုင်မှုကြောင့် ယခုကဲ့သို့ အခြေအနေများ ပိုမိုဆိုးရွားသွားရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကျွန်တော်တို့လို မလေးရှားမှာ အလုပ်လုပ်နေတဲ့ ကိုယ့်သား ကိုယ့်ညီတွေဆီက ပို့တဲ့ငွေလေးနဲ့ စားသောက်နေရတဲ့မိသားစုတွေ မြန်မာပြည်မှာအများကြီးရှိပါတယ်။ ခုလို မလေးရှားမှာ ဒုက္ခတွေရောက်တော့ ပြည်တွင်းက ကျွန်တော်တို့အားလုံး ထိခိုက်တာပေါ့။ ဒီနစ်နာမှုတွေအတွက်လည်း သမ္မတကြီးဆီ အားလုံးစုပေါင်းလက်မှတ်ထိုးတိုင်ကြားဖို့ စီစဉ်နေပါတယ် ဟု ယင်းက ဆိုသည်။

မလေးရှားရောက် မြန်မာအလုပ်သမားများ၏ ပြည်တွင်းသို့ ပြန်လည် ပေးပို့ငွေ စုစုပေါင်းမှာ တစ်လတစ်လ အမေရိကန်ဒေါ်လာ သန်း၅၀မျှရှိကြောင်း။ သဘာဝဓာတ်ငွေ့များ ပြည်ပသို့ ရောင်းချငွေထက် ပိုများကြောင်း သတင်းများတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

Credit to အေးချမ်း

No comments:

Post a Comment