Tuesday, June 18, 2013

တပ်မတော်နှင့် တအောင်း(ပလောင်)တို့ ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဇွန် ၁၈ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသော
တပ်မတော်နှင့် တအောင်း လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA
ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်သည်။

ကွတ်ခိုင်အခြေစိုက် TNLA တပ်ရင်း (၁၁၂)ပြောက်ကျားတပ် စခန်း ရှိရာ တောင်ကုန်း၌ ကွန်လုံအခြေစိုက် ခမရ ၁၄၅ တပ်ရင်းနှင့် TNLA တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တပ်မတော်ဘက်မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ပြီး TNLA ဘက်ကလည်း ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သည်ဟု TNLA ဘက်က သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"လက်နက်ကြီး လေးငါးချက်ပစ်တယ်။ အသေအပျောက်တော့ မသိသေး ဘူး" ဟု TNLA ၁၁၂ တပ်ရင်းမှူး တာဝိန်းမာန်၏ ပြောဆိုချက်ကို ကိုးကား ကာ ပြန်ကြားရေးဌာနက တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် TNLA အဖွဲ့နှင့် မဟာမိတ်တပ် များဖြစ်သောကေအိုင်အေ RCSS/SSA တပ်များ ရောထွေးနေခြင်းကြောင့် တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများထံမှ သိရသည်။

ကွတ်ခိုင်မြို့ပေါ် ဒေသခံ တစ်ဦးကမူ "တောထဲမှာတော့ တိုက်ပွဲတွေ ခဏခဏ ဖြစ်တယ်။မြို့ပေါ်မှာတော့ ဘာမှမဖြစ်ပါဘူး" ဟု ဆိုသည်။

TNLA ကို ပလောင်ပြည်နယ် လွတ်မြောက်တပ်ဦး (PSLF) က ၂၀၀၅
ခုနှစ်တွင် တပ်မတော်အစိုးရထံ လက်နက်ချပြီးသည့်နောက်ပိုင်း၂၀၀၇ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တအောင်း (ပလောင်)ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်ထားသည့် တိုင်းရင်းသား အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

TNLA သည် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များတွင် အင်အား အကြီးဆုံး ဖြစ်သော ဝ အမျိုးသား အဖွဲ့ချုပ်နှင့် အတူ စစ်ရေးလေ့ကျင့်သည် ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

No comments:

Post a Comment