Thursday, June 6, 2013

ဇွန်လ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ

ဇွန် ၅ ရက်တွင် မန္တလေးမြို့ နေရာအချို့၌ အဓိကရုဏ်း ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လူတစ်စုက အော်ဟစ်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ထို့အတွက်ကြောင့် မန္တလေးမြို့နေ လူထုများ စိုးရိမ်တကြီးနှင့် ကြောက်လန့်တကြား ဖြစ်ပွားခဲ့ရပြီး မလိုလားအပ်သော လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ရပါသည်။ အလားတူ လှုံ့ဆော်မှု၊ ကောလာဟလများကြောင့် ဒေသအချို့တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေရဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် မှုခင်းဖြစ်စဉ်များနှင့် လိုအပ်သော စုံစမ်းဖော်ထုတ်မှုများအတွက် ထက်မြက်သည့် ရဲတပ်ဖွဲ့၊ စစစ၊ သတင်းတပ်ဖွဲ့ အသီးသီးရှိပါသည်။ ထို့ပြင် အမျိုးသား လုံခြုံရေးအတွက် ထောက်လှမ်းရေး အင်အားစုတစ်ခုလည်း ရှိနေဆဲဟု သိရသည်။ သို့သော်လည်း တောင်ကုတ်၊ မိတ္ထီလာ၊ ပဲခူးအနောက်ခြမ်းဒေသ၊ နောက်ဆုံးလားရှိုး ပဋိပက္ခအထိ ဆူပူမှုများ ဖြစ်ပေါ်ရန်၊ အဓိကရုဏ်းများ ဖြစ်ပေါ်ရန် နောက်ကွယ်မှ အဓိက လှုံ့ဆော်နေသူ၊ အကြမ်းဖက်မှုများ ဖြစ်ပွားရန် အဓိကကြိုးကိုင်လှုပ်ရှားနေသော အဖွဲ့အစည်းများကိုမူ ယခုအချိန်ထိ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးပါ။ ထို့အတူ ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်စေရန်အတွက် နည်းမျိုးစုံသုံး၍ ၀ါဒဖြန့်ချိ လှုံ့ဆော်မှုများ ပြုလုပ်နေသည့် လူထုမောင်ကာဠုကဲ့သို့ facebook account များ၊ ၀ါဒဖြန့်ချိရေး ယန္တရားများ ရှိနေဆဲဖြစ်ပြီး ထိုသူများကိုလည်း ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။

ပဋိပက္ခဖြစ်စဉ်များတွင် ဒေါသအလျောက် ပါဝင်မိသည့် သာမန်ပြည်သူများကိုသာ ဖမ်းဆီးထောင်ချခြင်းဖြင့် ကျယ်ပြန့်လာသော ပဋိပက္ခဖန်တီးမှုများကို ဟန့်တားနိုင်မည် မဟုတ်ကြောင်း ယူဆပါသည်။

ဘာသာရေး အကြောင်းပြ ဆူပူမှုများ ဖြစ်စေရန် ဖန်တီးသူများက ဘာသာရေးအစွန်းရောက်မှု (Religious Extremist)နှင့် အလွန်အကျွံ အမျိုးသားဝါဒ (Ultra-nationalist) ကို ပေါင်းစပ်ကာ ပြည်သူများအကြား မှိုင်းတိုက်နေခြင်းသည် နာဇီဝါဒကို အသက်သွင်း ခြင်းသာဖြစ်ပါသည်။ မိမိဘာသာသာသနာ တည်တံ့ရေးအတွက် အစွန်းရောက်စရာမလို၊ အကြမ်းဖက်စရာ မလိုသည့်အချက်ကို ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များပါ သတိပြုမိရန် လိုအပ်ပါသည်။ ဗုဒ္ဓဘာသာဝင်များ အနေဖြင့်လည်း “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟူ၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် လက္ခဏာရေး သုံးပါးကို သတိပြု ဆင်ခြင်ရန် လိုအပ်ပါသည်။

ဘာသာရေး အစွန်းရောက်မှု (Religious Extremist) နှင့် အလွန်အကျွံ အမျိုးသားဝါဒ (Ultra nationalist) ကို ပေါင်းစပ်ကာ ပဋိပက္ခများ ဖန်တီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာမှုများ၏ နောက်ကွယ်တွင်ရှိနေသူများကို အမြန်ဆုံး ဖော်ထုတ်ခြင်းသည်သာ ပဋိပက္ခများကို ဟန့်တားရာ၌ အရေးပါမည် ဖြစ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment