Sunday, June 16, 2013

မူးယစ်ဆေးဝါးရောင်းဝယ်သော DKBA တပ်သားများကို သေဒဏ်ပေးမည် ဟုဆို မြဝတီ၊ ဇွန် ၁၅

လက်နက်ကိုင် ကရင်တိုင်းရင်းသား အဖွဲ့အစည်းတစ်ခုဖြစ်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ၏ တပ်သားများ မူးယစ်ဆေးဝါး ရောင်းဝယ်ပါက သေဒဏ် အပြစ်ပေးမည်ဖြစ်ကြောင်း DKBA တပ်ဖွဲ့ ဗိုလ်မှူးစန်းအောင်က The Voice သို့ ပြောကြားသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ DKBA ဌာနချုပ်ဖြစ်သော ဆုံဆည်းမြိုင်ကျေးရွာတွင် ပြုလုပ်သော ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ၄င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
"DKBA တံဆိပ်တပ်ပြီးတော့ မူးယစ်ဆေးဝါးကို ရောင်းဝယ်ရင် ပြည်သူလူထု ရှေ့မှာ သူ့ကို ပစ်သတ်ပြမယ်" ဟု ၄င်းကဆိုသည်။

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်ကမူ မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ပြစ်မှုအလိုက် ထိထိ ရောက်ရောက် အရေးယူမည်ဟု ပြောကြားသော်လည်း ပြစ်ဒဏ်အတိအကျ ကိုမူ ပြောကြားခြင်းမရှိပေ။

ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်း၍ မူးယစ်ဆေးဝါးအမြစ်ပြတ် ချေမှုန်းရေးကို လုပ်ဆောင်ရန် ပြီးခဲ့သည့် ကရင်လက်နက်ကိုင် ညီညွတ်ရေးကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချထား သော်လည်း တစ်စုံတစ်ရာ အကောင်အထည် မဖော်နိုင်သေးကြောင်း ဗိုလ်မှူး စန်းအောင်က ရှင်းပြသည်။

ပြီးခဲ့သည့် မတ်လအတွင်းက DKBA ကတ် ကိုင်ဆောင်ထားသော မူးယစ်ဆေးဝါး ရောင်းဝယ်သူ တစ်ဦးကို မြဝတီမြို့ပေါ်ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းကို ကရင်လက်နက်ကိုင် တပ်သားများ မပြုလုပ် နိုင်ရန် လက်နက်ကိုင် တပ်သားများကို ကြီးကြပ်စောင့်ကြည့်မည့် ကရင်လက်နက်ကိုင် အင်အားစုများ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်
တစ်ကျောင်းသားများ တပ်ဦး (ABSDF) မှ ဗိုလ်မှူးသိမ်းဆန်းက TheVoice သို့ ပြောကြားသည်။

DKBA သည် တပ်တွင်း မူးယစ်ဆေးဝါး သုံးစွဲခွင့်ကို ပိတ်ပင်ထားသကဲ့သို့ ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါး အမြစ်ပြတ်ချေမှုန်းရေး လုပ်ဆောင်ရန် အစိုးရနှင့် သဘောတူထားသည်။

ဗိုလ်ချုပ်စောလားပွယ်ကို ၂၀၁၂ ခုနှစ် မတ်လတွင် မူးယစ်ရာဇာအမည်ဖြင့် ထိုင်းအစိုးရက ဆုငွေနှင့် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ သော်လည်း ဗိုလ်ချုပ်စောလားပွယ်က မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း မရှိဟု ငြင်းဆိုထားသည်။

No comments:

Post a Comment