Friday, June 7, 2013

မူဆလင်အမျိုးသမီး ၃ ဦး သေဆုံးရမှု ရခိုင်ပြည်နယ်အစိုးရ သတင်းစာရှင်းလင်း Friday, June 07, 2013

မြောက်ဦးမြို့နယ်၊ ပုရိန်မူဆလင်ကျေးရွာ၌ အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှု တွင် သေဆုံးသွားခဲ့သည့် မူဆလင် အမျိုးသမီး ၃ ဦးနှင့် ပတ်သက်၍ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်း၌ ပြည်နယ်အစိုးရ၊ သတင်း ထုတ်ပြန်ရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သည်။

စစ်တွေမြို့ရှိ၊ ပြည်နယ်ဥပဒေချုပ်ရုံးတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း က သတင်းထောက်များအား ရှင်းလင်းပြောပြခြင်း ဖြစ်သည်။

“အဲဒီနေ့ ၁ နာရီလောက်မှာ လူစုလူဝေးနဲ့ ထွက်လာကြပြီးတော့ သူတို့အတွက် အိမ် လာဆောက်ပေးသူကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့အပေါ်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့က ၄၀ မမ ရော်ဘာဗုံး ၁ လုံး၊ ၁၂ ဗို့ ၅ ချက် ပစ်ခတ် ခြောက်လှန်ခဲ့ရတဲ့အပြင် တပ်မတော်ကလည်း ရော်ဘာဗုံး ၁ လုံးနဲ့ ၄၀ ဗို့ ၅ ချက် ပစ်ခတ်ခြောက် လှန့်ခဲ့တယ်” ဟု ဦးလှသိန်း က ဆိုသည်။

ဆက်လက်၍ “ဆူပူသူတွေဟာ လူစုမကွဲဘဲ နောက်ထပ်စု ဝိုင်းလာကြတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေဟာမြင်ကွင်းအကန့်
အသတ်တွေကြောင့် ဝင်စီးခြင်း မခံရအောင် ကိုက် ၃၀၀ အကွာ ကွင်းပြင်မှာ တပ်ဖြန့်ချထားခဲ့တယ်။ အဲဒီအချိန်မှာ ပုရိန်ရွာထဲမှာ ဆူပူအုံကြွသံတွေ ကြားနေခဲ့ရတယ်။ အသံတိတ်သွားချိန်မှာ မြောက်ဦး ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စည်ပင် အမှုဆောင် အရာရှိတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦးနဲ့ အတူပုရိန် ရွာထဲကို ဝင်ရောက် စစ်ဆေးတော့မှ ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာ ရနေတာ တွေ့ရတယ်” ဟု ရှင်းပြခဲ့သည်။

သေဆုံးသူများမှာ ဒေါ်ခေါ်တေဇာ (ဘ) ဦးရှော်ဘီအာလောင် (၄၀နှစ်)၊ ဒေါ်နူမတ်(ဘ) ဦးအာလီအာမောက် (၅၀ နှစ်)နှင့် ဒေါ်အာလီနီဆပ် (ဘ) ဦးအီဆု (၂၅ နှစ်) တို့ဖြစ်သည်။

အဆိုပါ အမျိုးသမီး သုံးဦး သေဆုံးခဲ့ရမှု အကြောင်းရင်းကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ဦးလှသိန်းက ဆိုသည်။

“မီးလောင်ပျက်စီး သွားတဲ့ အိမ်တွေကို ပြန်ဆောက် ပေးမယ့် အစီအစဉ်အပေါ်မှာ ရွာသားတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်။ ဒီအပေါ်မှာသဘောမတူတဲ့လူစုက အိမ်ဆောက်ပေးတဲ့ အဖွဲ့တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြိုးစားတာ ဖြစ်တယ်။ သေဆုံးနေသူတွေဟာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေကြတယ်။ ခြောက်လှန့်ပစ်ခတ်လို့ သေတာလား၊ မိမိတို့ အချင်းချင်း တိုက်ခိုက်လို့ သေတာလား မသိနိုင်သေးဘူး။ သက်ဆိုင်ရာက သေမှုသေခင်း ဖွင့်ပြီး ဥပဒေနဲ့အညီ အရေးယူ စုံစမ်းနေပါတယ်” ဟု ဦးလှသိန်း က ပြောသည်။

သို့သော် ဇွန်လ ၄ ရက်နေ့ AFP သတင်းတရပ်တွင်မူ ဒေသခံ ရဲအရာရှိတဦးအား ကိုးကား၍ သေဆုံးသူများမှာ “ခြောက်လှန့် ပစ်ခတ်စဉ်” သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ဒဏ်ရာရသူများကိုမူ ခလရ (၂၈၉) တပ်နှင့် မြို့နယ်ကျန်းမာရေးဌာနမှ
ပြုစု စောင့်ရှောက်ပေးနေကြောင်း သတင်း ထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း က ဆိုသည်။

သတင်းစာရှင်းလင်းပွဲကို မနက် ၉း၃၀ နာရီမှ နေ့လည် ၁၂း၃၀ နာရီထိ ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပ မီဒီယာများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

Mizzima

No comments:

Post a Comment