Friday, June 14, 2013

လူမှောင်ခိုကုန်ကူးသူထဲမှာ ထိုင်းရေတပ်ပါဝင်လို့ စွပ်စွဲချက်ထပ်ပေါ်လာ Friday, June 14 , 2013


မြန်မာနိုင်ငံအနောက်ဖက်ခြမ်းကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို လူမှောင်ခိုကုန်ကူးပြီး ပို့ဆောင်တဲ့အထဲမှာ ထိုင်းရေတပ်က ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက် အသစ်တခုထွက်ပေါ်လာပါတယ်။

မလေးရှားမှာရောက်ရှိလာတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက ထိုင်းရေတပ်က သူတို့ဖမ်းမိခဲ့ပြီးတော့ ရိုက်နှက်ပြီး လူမှောင်ခိုကုန်ကူးသူတွေရဲ့ လက်ထဲရောင်းစားခဲ့တယ်လို့ အေဘီစီ သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကလည်း ထိုင်းနိုင်ငံ ဖူးကက်ဒေသအနီးမှာ ရောက်ရှိလာတဲ့ ခိုလုံခွင့်တောင်းခံသူ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့လှေကို ထိုင်းရေတပ်ကဖမ်းမိခဲ့ပြီး ပစ်ခတ်ခဲ့တဲ့တွက် အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း အေဘီစီသတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံ ကမ်းခြေကိုရေကူးလာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ ဖမ်းမိခဲ့တဲ့ သူတွေကို လူမှောင်ခိုကုန်ကူးသူတွေရဲ့ လက်ထဲရောင်းစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်းရေတပ်ဖက်က ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အလားတူပဲ လူမှောင်ခို ကုန်ကူးသူတွေထံကို ရောင်းစားခံရတဲ့ ရိုဟင်ဂျာ မွတ်စလင် အမျိုးသားတွေကိုလည်း အေဘီစီ သတင်းဌာနကနေ ထပ်မံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။

လူမှောင်ခိုကုန်ကူးသူတွေလက်ထဲ ရောင်းစားခံရတဲ့ ရိုဟင်ဂျာမွတ်စလင်လူမျိုး တဦးက ထိုင်းရေတပ်က သူ့ကိုတညလုံးရိုက်နက်ခဲ့ပြီး မနက်ပိုင်းမှာ ထိုင်းလူမျိုးတွေထံ အပ်နှံခဲ့တဲ့အကြောင်း၊ ပြီးတော့ လူမှောင်ခိုကုန်ကူးသူတွေရဲ့လက်ထဲမှာ လွဲအပ်ခဲ့ချိန်မှာလည်း ဆယ်နှစ်ကြိမ်လောက် ထပ်ပြီးရိုက်နှက်ခံရပြန်တဲ့အကြောင်းကို မကြာသေးခင်ကမှ မလေးရှားနိုင်ငံထဲ အသစ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာမွတ်စလင် အမျိုးသားနှစ်ဦးက အေဘီစီ သတင်းဌာနကိုပြောပြခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက ဒီကိစ္စကို ငြင်းဆိုနေပေမယ့် ခိုလုံခွင့်တောင်းခံသူတွေရဲ့ စွပ်စွဲချက်ဟာ မှန်ကန်နေမယ်ဆိုရင်တော့ ထိုင်းရေတပ်ဟာ လူမှောင်ခိုကုန်ကူးသူတွေနဲ့ ပါဝင်ပတ်သက်နေလိမ့်မယ် ဆိုတာကို အတည်ပြုလို့ရမှာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေကလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေကို ကာကွယ်ပေးဖို့အတွက် အာဏာပိုင်တွေကို တောင်းဆိုလိုက်သလို အကြမ်းဖက်မှုတွေကိုလည်း ရှုပ်ချခဲ့ပါတယ်။

radioaustralia.net
ထိုင်းနိုင်ငံတောင်ဖက်ပိုင်းမှာ ရာနဲ့ချီအဖမ်းခံရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ (Credit: AFP)

No comments:

Post a Comment