Thursday, June 6, 2013

London စီးကရက် မြန်မာဈေးကွက်သို့ ပြန်လည်ဝင်ရောက်မည် ဇွန်လ ၇ ရက် ၂၀၁၃

မြန်မာနိုင်ငံတွင် လူကြိုက်များခဲ့သော စီးကရက် ကုမ္ပဏီတစ်ခုဖြစ်သည့် London စီးကရက်သည် မြန်မာဈေးကွက်သို့ ယခုနှစ်အတွင်း ပြန်လည်ဝင်ရောက်ရန် စီစဉ်နေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

အဆိုပါ London စီးကရက်ကို မြန်မာ စီးပွားရေး အသိုင်းအ၀ိုင်းတွင် မျက်နှာသစ် ကုမ္ပဏီတစ်ခုဖြစ်သော Star Way Company Ltd က ဖြန့်ချိသွားမည်ဖြစ်ပြီး လုပ်ငန်းစတင်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Star Way ကုမ္ပဏီသို့ အဆိုပါသတင်းနှင့် ပတ်သက်၍ မေးမြန်းရာ ကုမ္ပဏီပိုင်ရှင်များ ခရီးသွားနေကြောင်းနှင့် သတင်းအချက်အလက်များ ဖြေကြားခွင့် မရှိသေးကြောင်း Star Way ကုမ္ပဏီ ၀န်ထမ်းများက ပြန်လည် ဖြေကြားသည်။

London စီးကရက်ကို British American Tobacco(BAT) က ထုတ်လုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ၁၉၉၀ ပြည့်ကျော် နှစ်များကတည်းက စတင်ဝင်ရောက်ခဲ့ ခြင်းဖြစ်ကာ ၂၀၀၃ ခုနှစ်တွင် မြန်မာဈေးကွက်မှ ပြန်လည်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မြန်မာဈေးကွက်မှ ပြန်လည် ရုပ်သိမ်းရာတွင် မြန်မာနိုင်ငံမှ လုပ်ငန်းများကို Rothmans of Pall Mall Myanmar Pte Limited(RPMM) ကို ရောင်းချခဲ့ပြီး RPMM ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က အစုရှယ်ယာ ရာခိုင်နှုန်း ၄၀၊ Rothmans Myanmar Holding Pte (RMH) က အစုရှယ်ယာ ရာခိုင်နှုန်း ၆၀ ပိုင်ဆိုင်သည်။ RPMM သည် လက်ရှိအချိန်တွင် Red Ruby၊ Premium Gold၊ 9(Nine) စသည့် စီးကရက်များကို ထုတ်လုပ်ရောင်းချလျက်ရှိသည်။

British American Tobacco သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုချက်ကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ရရှိပြီးဖြစ်သည်။ BAT သည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးကရက် ကုမ္ပဏီဖြစ်ပြီး Dunhill၊ Lucky Strike၊ Kent၊ Pall Mall၊ Kool၊ Benson & Hedges နှင့် Rothmans စသည့် စီးကရက်များ ထုတ်လုပ်ရောင်းချလျက်ရှိသည်။ လက်ရှိမြန်မာ ဈေးကွက်အတွင်းသို့ စင်ကာပူနိုင်ငံမှတစ်ဆင့် London စီးကရက်များ ၀င်ရောက်မှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် စီးကရက်ရောင်းချမည့် ကုမ္ပဏီများသည် ကုန်သွယ်လုပ်ငန်းခွန် ရာခိုင်နှုန်း ၁၀၀ ပေးဆောင်ရမည်ဖြစ်သည်။ ယခင်ဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် ကုမ္ပဏီစာရင်းတွင် Rothmans of Pall Mall Myanmar Pte Limited (RPMM) က ဒုတိယအများဆုံး ပေးဆောင်သူဖြစ်ကြောင်း သတင်းရရှိသည်။

EMG

No comments:

Post a Comment