Monday, June 10, 2013

ကာချုပ်ကိုယ်တိုင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံလာ Monday, June 10, 2013


တပ်မတော်မှ လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံလာပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပထမဆုံးအကြိမ် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုအဖြစ် ဇွန်လ ၅ ရက်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် စစ်တပ်နယ်လှည့်ဆေးကုသမှုအဖွဲ့ရောက်ရှိရာ ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့ဒေသခံ များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

ယခင် စစ်အစိုးရလက်ထက်တွင်မူ ကာကွယ်ရေးနှင့် လုံခြုံရေးအရ တပ်မတော်စစ်ဦးစီးချုပ်ကိုယ်တိုင် ပြည်သူလူထုနှင့် တိုက်ရိုက် တွေ့ဆုံခဲ့ခြင်းမှာ မရှိသလောက်နည်းပါးခဲ့သည်။ နယ်လှည့်ဆေးကုသမှုလုပ်ငန်းစဉ်များ စစ်အစိုးရ လက်ထက် ကတည်းက ရှိခဲ့သော်လည်း စစ်တပ်မှာအာဏာလက်ရှိဖြင့် အုပ်ချုပ်သူအစိုးရဖြစ်နေခဲ့ခြင်းကြောင့် ယခင် စစ်ဦးစီးချုပ် ကိုယ်တိုင် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့မှုမရှိခဲ့ကြောင်း အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးက ပြောသည်။

“မျက်စိက သိပ်မကောင်းတော့ ကာကွယ်ရေးဦးစီးချုပ်ရယ်လို့တော့ မသိပါဘူး။ အစားအသောက်တွေနဲ့ ပစ္စည်းတွေတော့ အဲဒီနေ့က လှူသွားတယ်။ ဆေးတွေဆက်ကုပေးမယ်လို့ ပြောသွားတယ်”ဟု နယ်လှည့် ဆေးကုသမှုခံယူခဲ့သည့် ညောင်ဦး ဒေသခံ ဒေါ်အေးသီက ပြောသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် စစ်တပ်မှာ အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့မှုသာမက တပ်ပိုင်းဆိုင်ရာ သတင်းထုတ် ပြန်မှုများကိုလည်း ပိုမိုပြုလုပ်လာကြောင်း စစ်တပ်ကို လေ့လာစောင့် ကြည့်သူများကဆိုသည်။

ယခုနှစ် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ထူလုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူမှု အရပ်ဘက်အဖွဲ့အစည်းများကို စစ်ရေးပြအခမ်း အနားကျင်းပရန် ဖိတ်ကြားခဲ့သည့်အပြင် စစ်တပ်မှ ၀ယ်ယူအသုံးပြု သည့် စစ်လက်နက်ပစ္စည်းများကိုလည်း အများပြည်သူသိရှိစေရန် တပ်တော်ဝင်အခမ်းအနားများကို သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။

“အခုကာကွယ်ရေးဦးစီးချုပ် ကျင့်သုံးနေတဲ့ လမ်းစဉ်က ပိုပြီးပြည် သူနဲ့ထိတွေ့တယ်။ ပွင့်လင်းမြင်သာတယ်။ အရင်တုန်းက တပ်မတော်က သုံးတဲ့ပစ္စည်းတွေကို ပြည်သူတွေကို ပြလေ့ပြထမရှိဘူး။ အခုကျတော့ ပြည်သူတွေပေးတဲ့ ဘဏ္ဍာနဲ့ နိုင်ငံတော်ကို ကာကွယ်ဖို့ ၀ယ်ထားတဲ့ ပစ္စည်းတွေဆိုတော့ ဘာတွေဝယ်ထားတယ်။ ဘာစွမ်းအင်တွေ ရှိနေ တယ်ဆိုတာကို ပြည်သူတွေသိနိုင်ဖို့အခုလို ထုတ်ပြန်တယ်။ ရှေ့လျှောက်လည်းပိုပြီးထိတွေ့သွားမှာပါ” ဟု အငြိမ်းစား ဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်က ပြောသည်။

ဒီမိုကရေစီ အစိုးရလက်ထက်တွင် မြန်မာ့တပ်မတော်ကို နည်းပညာအရည်အသွေးပိုင်းဆိုင်ရာ အကူအညီများပေးရန် နိုင်ငံအချို့၏ကမ်းလှမ်းမှုများ လက်ခံရရှိထားသည်။ လက်ရှိတပ်မတော်သည် နယ်လှည့်ဆေးကုသမှုအပါအ၀င်လူထု အကျိုးပြုလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ပြည်သူများအား ကယ်ဆယ်ထောက်ပံ့မှုများ ပိုမိုပြုလုပ်သွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment