Monday, June 17, 2013

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ-ဥရောပ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအသင်း ဂုဏ်ထူးဆောင် နာယကခန့် Monday, June 17, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ-ဥရောပ ဗုဒ္ဓသာသနာပြန့်ပွားရေးနှင့် ယဉ်ကျေးမှု ထွန်းကားရေးအသင်း၏ ဂုဏ်ထူးဆောင် နာယကအဖြစ် ဇွန်လ ၁၅ ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း ယင်းအသင်း ဦးဆောင်နာယက လန်ဒန်မြို့ သာသနရံသီဝိဟာကျောင်း ဆရာတော် အရှင်ဥတ္တရက မိန့်ကြားသည်။

မြန်မာ - ဥရောပ ဗုဒ္ဓသာသနာ ပြန့်ပွားရေးနှင့် ယဉ်ကျေးမှု ထွန်းကားရေး အသင်း၏ ဦးဆောင်နာယကနှင့် အဖွဲ့ဝင်အချို့သည် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ ခဲ့ပြီးယင်းသို့ခန့်အပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ထူးဆောင် နာယက တာဝန်ကို လက်ခံကြောင်း အဆိုပါ အသင်း၏ ဒုတိယ အတွင်းရေးမှူး ဦးဆန်းဝင်းက ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချိန်မှာ နာယက တာဝန်ပေးထားတယ် ဆိုတာ ပြောခဲ့တာ။ သူကလည်း လက်ခံပါတယ်။ ပြီးတော့ လက်ရှိနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာ ရေးနဲ့ ခုဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့တယ်"ဟု ဆရာတော် အရှင်ဥတ္တရက မိန့်ဆိုသည်။

မြန်မာ-ဥရောပ ဗုဒ္ဓသာသနာ ထွန်းကားရေးအသင်းသည် လန်ဒန်မြို့တွင် စတာလင်ပေါင် ၂ ဒသမ ၅ သန်း ကုန်ကျခံကာ ဗုဒ္ဓစင်တာ တစ်ခုကို လာမည့် ဧပြီလအမီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း အဆိုပါ ကိစ္စအတွက် တိုင်ပင်ခဲ့ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

အဆိုပါ ဗုဒ္ဓစင်တာ တည်ဆောက် ပြီးစီးပါက ပညာတော်သင် ကြွရောက် လာသည့် ရဟန်း သံဃာများနှင့် ဥရောပရောက် မြန်မာလူမျိုးများအတွက် ဘာသာ သာသနာဆိုင်ရာ သင်တန်းများနှင့် သာသနာပြု လုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း ဆရာတော် အရှင်ဥတ္တရက မိန့်ဆို သည်။

မြန်မာ-ဥရောပ ဗုဒ္ဓသာသနာ ထွန်းကားရေးနှင့် ယဉ်ကျေးမှု ပြန့်ပွားရေး အသင်းကို ၂၀၁၃ ခုနှစ် မတ်လအတွင်း တည်ထောင်ခဲ့ပြီး သင်္ဃန်းကျွန်း မြို့နယ် ဇ/တောင်ရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင် ကျောင်းတိုက်တွင် ယာယီရုံးခန်း ဖွင့်လှစ်ထားသည်။

The Voice Weekly

No comments:

Post a Comment