Tuesday, June 11, 2013

လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်သို့ သမ္မတကို ဖိတ်ကြားမည် Tuesday, June 11, 2013

မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပမည့် လူ့အခွင့်ရေးနှင့် လူ့ဂုဏ်သိက္ခာနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကိုကြည့်ရှုရန် သမ္မတ ဦးသိန်းစိန်ကို ဖိတ်ကြားမည်ဟု ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးဦးဆောင်သူ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး က ဇွန် ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

''ဒီရုပ်ရှင်ပွဲတော်က ရုပ်ရှင်ကြည့်ဖို့ သီး သန့်မဟုတ်ပါဘူး။ ရုပ်ရှင်ထဲကတစ်ဆင့် လူ့အခွင့်ရေး ချိုးဖောက်ခံရတဲ့ လူ အကြောင်းတွေ ပြောမယ်။ လူ့အခွင့်ရေးဆိုတာ ဘာလဲဆိုတာသိလာမယ်။ ကိုယ်တိုင် လူ့အခွင့်ရေး ချိုးဖောက်ခံနေရတာ၊ ကိုယ့်ရပိုင်ခွင့်လူ့အခွင့်ရေးဆိုတာ ဘာလဲဆိုတာသိလာမယ်။ ဒါက ကျွန်တော့်မျှော်လင့်ချက်ပဲ'' ဟု သ...ူက ဆိုသည်။ ပြသမည့် ရုပ်ရှင်ကားများကို ဆင်ဆာဖြတ်တောက်ခြင်း မရှိကြောင်း လည်း သူကပြောသည်။

ယင်းရုပ်ရှင်ပွဲတော်ကို ဇွန် ၁၅ ရက်တွင် နေပြည်တော်ရုပ်ရှင်ရုံ၌ စတင်ဖွင့်လှစ် ပြသမည်ဖြစ်ပြီး ဇွန် ၁၆၊ ၁၇၊ ၁၈ ရက်တို့တွင် junctoin square ရုပ်ရှင်ရုံများတွင် ဆက်ပြမည်ဖြစ်ကာ ဆုရသော ဇာတ်ကားများကို ဇွန် ၁၉ ရက်တွင် နေပြည်တော် ရုပ်ရှင်ရုံ၌ ပြန်လည်ပြသမည်ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါရုပ်ရှင်ပွဲတော်သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည် တို့ကိုလည်း ဖိတ်ကြားသွားမည်ဟု ဦးမင်းထင်ကိုကိုကြီး က ပြောသည်။

နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဇာတ်ကားများပြသမည့် ယင်းပွဲတော်တွင် မြန်မာရုပ်ရှင် ၂၈ ကားနှင့် အခြား ၁၅ နိုင်ငံမှ ၂၆ ကား စုစုပေါင်း ၅၄ ကားပါဝင်ပြသမည်ဟု ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေးကော်မတီ မန်နေဂျာ ဒေါ်မွန်မွန်မြတ်က မဇ္ဈိမကို ပြောသည်။ အဆိုပါရုပ်ရှင်များအနက် မြန်မာနိုင်ငံမှ ၁၅ ကားနှင့် ပြည်ပရုပ်ရှင် ၁၂ ကားကို ပြိုင်ပွဲဝင်အဖြစ် ရွေးချယ်ထား သည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်ပရုပ်ရှင်ကားများကို အောင်ဆန်းစုကြည်ဆုဟု အမည်ပေးထားသည့် ဆုတစ်ဆုသာပေးမည် ဖြစ်သော်လည်း ပြည်တွင်း ရုပ်ရှင်ကားများအတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို အောင်ဆန်းစုကြည်ဆု ဟုလည်းကောင်း၊ အကောင်းဆုံးဇာတ်ကားတိုဆုကို မင်းကိုနိုင်ဆု ဟုလည်းကောင်း၊ အကောင်းဆုံး ကာတွန်းရုပ်ရှင်ဆု ကို မတ် ၁၃ ဆုဟု လည်းကောင်း သတ်မှတ်ချီးမြှင့်မည်ဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။ မတ် ၁၃ ရက်သည် ၁၉၈၈ ခုနှစ်က ကျောင်းသား ကိုဖုန်းမော် ကျဆုံးသည့်နေ့ ဖြစ်သည်။

ယင်းရုပ်ရှင်ပွဲတော်တွင် မြန်မာရုပ်ရှင်ကားများကို နော်ဝေနိုင်ငံမှ ချီးမြှင့်သော ဆုနှင့် ချက်သမ္မတနိုင်ငံမှ ချီးမြှင့်သောဆု တို့လည်းပေးဦးမည်ဟု ဦးမင်းထင်ကိုကိုကြီးက ဆိုသည်။ အဆိုပါရုပ်ရှင်ပွဲတော်ကို မည်သူမဆို အခမဲ့ကြည့်ရှုနိုင်သည်။

Mizzima News

No comments:

Post a Comment