Tuesday, August 27, 2013

Miss Universe ပြိုင်ပွဲ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် မြန်မာ ယှဉ်ပြိုင်မည်


ရှရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလအတွင်း (၆၁) ကြိမ်မြောက်အဖြစ် ကျင်းပမည် ဖြစ်သော Miss Universe အလှမယ် ပြိုင်ပွဲကို နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ပြန်လည် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း Miss Myanmar Universe Organization တာဝန်ယူထားသော Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ်က ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသူများသည် အရပ် ၅ ပေ ၆ လက်မ အနည်းဆုံး ရှိရမည် ဖြစ်ပြီး အသက် ၁၈ နှစ် မှ ၂၇ နှစ်အတွင်း ရှိရမည် ဖြစ်ကြောင်း၊ စကားပြော ယဉ်ကျေး သိမ်မွေ့ရမည့် အပြင် မြန်မာ ဆန်သော အမျိုးသမီး ဖြစ်ရမည် ဖြစ်ကြောင်း၊ အပျို ဖြစ်ရမည် ဖြစ်ပြီး အင်္ဂလိပ် ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ရန် မလိုကြောင်း၊ ယှဉ်ပြိုင်လိုသူများသည် Hello Madam Media Group သို့ ဆက်သွယ်၍ ပြိုင်ပွဲ ဝင်ခွင့် လျှောက်လွှာများ ဝယ်နိုင်ပြီး ဆန်ခါတင် ရွေးချယ်၍ Miss Myanmar Universe ကို ရွေးချယ်မည် ဖြစ်ကြောင်း၊ ရွေးချယ်ခံရသူသည် ဆုငွေ ကျပ်သိန်း ၁၀၀ ကို ရရှိမည် ဖြစ်ပြီး ရှရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဒီပွဲကြီးက ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွေမှာ အကြီးဆုံး ဖြစ်ပြီးတော့ အဲဒီပွဲမှာ မြန်မာနိုင်ငံက သွားပြိုင် ရမယ်ဆိုတော့ အရမ်း ကောင်းပါတယ်။ ဒီပွဲ အကြောင်းကိုလည်း ကြားပါတယ်။ အဓိကကတော့ ကိုယ်လည်း သူများနိုင်ငံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားပြိုင်ရမယ်ဆိုတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ စိတ်ထဲမှာထားပြီး သွားပြိုင်စေချင်ပါတယ်”ဟု Miss Grand Myanmar မထားထက်ထက်က ပြောကြားသည်။

ယခုအချိန်တွင် ပြိုင်ပွဲဝင်ရန် လာရောက် လျှောက်ထားသူများမှာ ၃၀ ဦးခန့် ရှိပြီး သြဂုတ်လကုန်ထိ လျှောက်လွှာ တင်နိုင်ကြောင်း၊ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံး အလှမယ် ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြု Organizer ပြုလုပ်ခွင့်ရ၍ အတိုင်းမသိ ဝမ်းသာကြောင်း Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ် က ပြောကြားသည်။

Miss Universe ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်တို့တွင် သုံးကြိမ် ဆက်တိုက် သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခု ၂၀၁၃ ခုနှစ်ကျမှ ပြန်လည် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

The Voice

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် (၂၉-၈-၂ဝ၁၃ မှ ၄-၉-၂ဝ၁၃ ) ဟောစတမ်း

တနင်္ဂနွေ
ရင်းနှီးသူများနှင့် ပဋိပက္ခ စကားပြောရမည်။ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်မည်။ ကာလအတန်ကြာ စီစဉ်ထားသည့် လမ်းကြောင်းတစ်ခုအား ဦးတည် ချက်ပြောင်း၍လုပ်ရမည်။ ကာလအတန်ကြာ ရပ်ဆိုင်းထားသောလုပ်ငန်းများ ပြန်လည်ဖြေရှင်းရမည်။ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ပေါက်ပေါက်တစ်ပွဲ ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
အခက်အခဲများကို ကျော်လွှားနိုင်မည်။ အပြိုင်အဆိုင်အားလုံးကို ကျော် လွှားပြီး အဆင့်မြင့်သော အောင်မြင်မှုများ ရရှိမည်။ အတတ်ပညာအတွက် အဓိကဆောင်ရွက်သူများအဖို့ ထူးခြားသော တက်လမ်းရမည်။ အလိုပြည့်မည်။ ဆုံးဖြတ်ထားသည့်ကိစ္စများကို ရှေ့တိုးဆောင်ရွက်ပါ။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ခေါက်ဆွဲကြော် ဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
ကြန့်ကြာနေသည်များ လက်ဝယ်ပြန်လည်ရရှိမည်။ အခက်အခဲများ ကျော်လွှားပြီး အဆင့်မြင့်သော အောင်မြင်မှုများ ဖန်တီးနိုင်မည်။ မြုပ်နေသောငွေ ပြန်ပေါ်မည်။ စီးပွားကံ၊ လုပ်ငန်းကံ တိုးတက်မည်။ ဆိုင်းငံ့ထားသည့် လုပ်ငန်းများကို ရှေ့တိုးဆောင်ရွက်နိုင်သည်။ ခရီးကိစ္စ၊ နေရာအပြောင်းအရွှေ့ ကိစ္စများအတွက် စီစဉ်ရန် အခါကောင်း ကျရောက်သည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ဆမူဆာ ဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
အခက်အခဲများ ကျော်လွှား၍ အလိုရှိရာ ဆောင်ရွက်အောင်မြင်မည်။ အဖျက်အနှောင့်အယှက်များ ရင်ဆိုင်ရမည်။ စီးပွားကံ ကောင်းမည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ စီမံပြီးလုပ်သောကိစ္စများ အလွဲလွဲ အချော်ချော် ဖြစ်တတ်သည်။ ဖြစ်ပေါ်လာသော အနေအထားအား အသုံးချ၍ အောင်မြင်မှု ဖန်တီးနိုင်မည်။ မိတ်ကောင်းဆွေကောင်း အကူအညီရမည်။ မိသားစုလုပ်ငန်းစီးပွား တက်လမ်းရှိသည်။ မေတ္တာရေးကံကောင်း မည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် ယပ်ဖြူတစ်ချောင်း ဘုရားလှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
အတတ်ပညာကို အခြေတည်၍ ရည်မှန်းထားသည်များ အောင်မြင်မည်။ဆုံးဖြတ်ထားသောကိစ္စများ ရှေ့ တိုးဆောင်ရွက်အောင်မြင်မည်။ မိမိ ရည်မှန်းထားသည်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သည်။ ဘဝအဆင့် တိုးတက်မည်။ နေရာထိုင်ခင်းနှင့် ပတ်သက်သောကိစ္စများ ဆောက်ရွက်အဆင်ပြေမည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။
ယတြာ ။ ။ ယတြာ - မွေးနေ့ညနေပိုင်းတွင် ရွှေသင်္ကန်း ကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
အညံ့အတိုက်အခံများနှင့် ထိပ်တိုက်တွေ့ရမည်။ သူများပြဿနာ ကိုယ့်ပြဿနာ ဖြစ်တတ်သည်။ အခက်အခဲများ ဖြေရှင်းရမည်။ အနီးကပ်လူ ဒုကပေးတတ်သည်။ အိမ်တွင်းရေး၊ လူမှုရေးတွင် စိတ်အနှောင့်အယှက် ကြုံမည်။ စုပေါင်းလုပ်ငန်း အကျိုးပေးမည်။ အာမခံခြင်း၊ တာဝန်ယူခြင်း၊ အငြင်းပွားစရာ ကိစ္စများရှောင်ပါ။ တစ်ခုထက်မသော ကိစ္စများကို တစ်ပြိုင်တည်း လုပ်ကိုင်ရင်း စိတ်အနှောင့်အယှက် ကြုံမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် မြေပဲပေါင်း ဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
အပြိုင်အဆိုင်များမည်။ လူယုံ ဒုက္ခပေးမည်။ ရန်အတိုက်အခံများနှင့် ယှဉ်ပြီးလုပ်ငန်းများလုပ်ရမည်။ ရောင်း မှား၊ ဝယ်မှားဖြစ်တတ်သည်။ ငွေကြေး အပေးအယူ သတိရှိပါ။ သူတစ်ပါးအပေါ် လွန်လွန်ကဲကဲ ယုံစားခြင်း မရှိသင့်။ မိသားစုကျန်းမာရေးအတွက် စိတ်ပင်ပန်းရမည်။ မူလရည်မှန်းထားသည်နှင့် လက်တွေ့ကွာဟမည်။ မဖြစ်မနေ ဆောင်ရွက်မှုကြောင့် အဆုံးပိုင်းတွင် အောင်မြင်မည်။ တစ်ပါးသူကိစ္စကြားဝင်တာဝန် ယူခြင်း ရှောင်ပါ။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် သော့ပျက်များ စွန့်ပစ်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
အတိုက်အခံများကို ကျော်လွှား၍ အောင်မြင်မှုအဆင့်ဆင့် ရရှိမည်။ ငွေကြေးကိစ္စ စကားပြောဆိုရမည်။ လူမျိုးကွဲများနှင့် တိုက်ရိုက်ဆက်ဆံ၍ ကောင်းသော အကျိုးအမြတ်များ ရရှိမည်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်း၊ ငွေကြေးကိစ္စ စကားပြောဆိုခြင်းများ အထူးကောင်းသည်။ ကာလအတန်ကြာ ဖြေရှင်း ၍ မရနိုင်သော ကိုယ်ရေးကိုယ်တာကိစ္စများကို ပြေလည်အောင် ဆောင်ရွက်နိုင်သောအနေအထား ရှိသည်။ အချစ်ရေးတွင် စိတ်အနှောင့်အယှက်ကြုံမည်။
ယတြာ ။ ။ ယတြာ - မွေးနေ့တွင် နှမ်းပျစ်ဆွမ်းတော်တင်ပါ။

စံဇာဏီဘို

ဂန္ဓမာဟိုးဆေးကုန်တိုက်အတွင်းဈေးဝယ်စဉ် ယာဉ်မောင်းနှင့်အတူကားပါပျောက်ဆုံး

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ မဉ္ဖူလမ်းသွယ် (၂)လမ်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် ဝေဇယန္တာလမ်းရှိ ဂန္ဓာဟိုးဆေး ကုန်တိုက်သို့ဈေးဝယ်သွားရာ ၎င်းဈေးဝယ်ပြီး
ပြန်အထွက်တွင် ယာဉ်မောင်းနှင့်အတူ ကားပါပျောက်ဆုံးသွားသော ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း မရမ်းကုန်းမြို့မရဲစခန်းရှိ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကားအမျိုးစား တိုယိုတာဝှစ် အနက်ရောက်ဖြစ်ပြီး ယာဉ်အမှတ်-၂ဃ/၈၁၉၆ဖြစ်ကြောင်း၊ ယာဉ်မောင်းဖြစ်သူ ဇော်ဝင်းထွဋ် (အဘ/ အသက်/ နေရပ်လိပ်စာ)စိစစ်ဆဲဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းမော်တော်ယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ခရိုင်(၄)ခရိုင်နှင့် မြို့ဝင်/ထွက်လမ်းများအား ပိတ်ဆို့ရှာဖွေ စစ်ဆေးရန် သတင်းချပြထားကြောင်းနှင့် အမြန်ဆုံး ရှာဖွေဖမ်းဆီး အရေးယူနိုင်ရန်
မရန်းကုန်းမြို့မ စခန်းမှူး ဒုရဲမှူး ခင်မောင်လှနှင့် အဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိကြောင်း ဆက်လက်သိရသည်။

မြန်မာ့ခေတ်

လိုင်စင်မဲ့ လုပ်ငန်းများခွင့်ပြုထားသဖြင့် လိုင်စင်ရှိလုပ်ငန်းရှင်များနစ်နာနေ သီဟ(ကချင်)

http://themyanmaage.com/?p=10195

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် တွင် ယခင်ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာမြဦး ယခု ကြံခိုင်ဖွံ့ ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၉) ဒေါက်တာမြဦး အား လူမှု့ရေး အသင်းဖွဲ့ များကို ပုတ်ခတ်ပြောဆိုသဖြင့် ပေါင်းတည်မြို့ ပြည်သူလူထုမှ ဆန္ဒထုတ်ဖော်မည်ြ

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် တွင် ယခင်ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာမြဦး ယခု ကြံခိုင်ဖွံ့ ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၉) ဒေါက်တာမြဦး အား လူမှု့ရေး အသင်းဖွဲ့ များကို ပုတ်ခတ်ပြောဆိုသဖြင့် ပေါင်းတည်မြို့ ပြည်သူလူထုမှ ဆန္ဒထုတ်ဖော်မည် ဖြစ်ပါသည်။ ခွင့်ပြုမိန့်လျှောက်ခဲ့သော်လည်း ခွင့်ပြုမိန့် မရသဖြင့် တရားစွဲခံ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ပါသည်။ ဆန္ဒမည့် အချိန်မှာ မနက်ဖြန် (၂၈-၈-၂၀၁၃) ရက်နေ့ နံနက်(၉)နာရီ တွင် ကျင်းပမည်ဖြစ်ပါသည်။
Source ;  https://www.facebook.com/paungde.parla/posts/436225096492569

ရွှေပြည်သာရှိရပ်ကွက်အချို့ ရေလွှမ်းမိုးမှု ငါးရက်ကြာသည့်တိုင် ပြန်မကျသေး ================== သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ


ရေလွှမ်း မိုးမှုဖြစ်ပွားသည့် ငါးရက်မြောက် နေ့အထိ ရွှေပြည်သာမြို့နယ်ရှိ ရေဘေးဒုက္ခ ကြုံနေရသည့် ရပ် ကွက်များတွင် ရေပြန်လည်ကျ ဆင်းခြင်း မရှိသေးကြောင်း ယ နေ့ နံနက်တွင် ကယ်ဆယ်ရေးစ ခန်း ရောက်ရှိနေသူများ၏ ပြော ကြားမှုများအရ သိရသည်။
ဩဂုတ် ၂၂ ရက်က စတင် ခဲ့သည့် မိုးရွာသွန်းမှုနှင့် ဝါးတစ် ရာချောင်းရေ တိုးလာမှုကြောင့် ရွှေပြည်သာမြို့နယ်၊ လှော်ကား ကျေးရွာအုပ်စုရှိ ရပ်ကွက်ရှစ်ခု တွင် ရေလွှမ်းခဲ့ပြီး အဆိုးဆုံးရပ် ကွက်များတွင် ယာယီကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ကူညီနေ ပြီး ယနေ့တွင် လူဦးရေအများဆုံး ကယ်ဆယ်ရေးစခန်းဖြစ်သည့် အမှတ် (၁၇)ရပ်ကွက်ရှိ အလယ် တန်းကျောင်းတွင် ရေလွှမ်းခံရ သည့်ဦးရေ ဆက်လက်တိုးနေဆဲ ဖြစ်ကြောင်း ယာယီကယ်ဆယ် ရေးစခန်းမှ တာဝန်ရှိသူများ၏ ယနေ့ ပြောကြားမှုများအရ သိ ရသည်။
''ရပ်ကွက်ရှစ်ခုမှာ အကြီး ဆုံး ကယ်ဆယ်ရေးစခန်းပါ။ အ ရင် သက်ဆိုင်ရာကို တင်ပြထား တာက ဦးရေ ၂၁၀၀ ကျော်ရှိ တယ်။ အခု ဒီနေ့ထပ်တိုးလာတာ ၂၀၀ ကျော်ရှိတယ်''ဟု ဩဂုတ် ၂၆ ရက်တွင် အမှတ်(၁၇) ရပ် ကွက်ရှိ စာသင်ကျောင်း၌ ဖွင့် လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းအခြေအနေကို ကူညီကယ် ဆယ်ပေးနေသူ ဦးတင်ညွန့်က ပြောသည်။
လက်ရှိအချိန်အထိ ရပ် ကွက်တွင်းရှိ လမ်းများနှင့် လူနေ အိမ်ရာပေါင်းများစွာသည် နှစ် ပေအထက် ရေလွှမ်းမိုးမှုကို ခံနေ ရပြီး အချို့အိမ်များသည် လေး ပေနီးပါးအထိ ရေလွှမ်းမှုနှင့်ကြုံ တွေ့နေရကြောင်း ရပ်ကွက်သား များ၏ပြောကြားမှုများနှင့် ကိုယ် တိုင်မြင်တွေ့မှုများအရသိရသည်။
''၂၂ ရက်ကတည်းက ဒီ ကို ရောက်နေတာ။ နောက်နှစ် ရက်လောက်ပဲ လက်ခံမယ်လို့ ပြောတယ်။ ဒီမှာနေရတာ စား ဖို့ အဆင်ပြေပေမယ့် နေဖို့က တော့ ကျပ်ကျပ်ညပ်ညပ်ပဲ''ဟု အမှတ် (၁၇)ရပ်ကွက် အမှတ် (၆) အလယ်တန်းကျောင်းရှိ ယာ ယီကယ်ဆယ်ရေးစခန်းမှ အမျိုး သမီးတစ်ဦးက ပြောသည်။
''အိမ်ကမြုပ်နေသေးတယ်။ မိုးကလဲ အခုထိ ရွာနေတုန်းပဲ''ဟုယင်းက ဆက်ပြောသည်။
ယခု ဖွင့်လှစ်ပေးထားသည့် လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ယင်းမြို့နယ်၏ အကြီးဆုံးကယ် ဆယ်ရေးစခန်းသည် လာမည့်နှစ် ရက်အတွင်း ကျောင်းပြန်ဖွင့်မည့် အတွက် လက်ရှိရောက်ရှိနေသူ များသည် နေအိမ်များကိုပြန်ကြ ရမည်ဖြစ်ပြီး ယင်းတို့၏ အဓိက အခက်အခဲသည် စားစရာ အ ခက်အခဲဖြစ်ကြောင်း ကယ်ဆယ် ရေးစခန်း ရောက်ရှိနေသူများ ထံမှ သိရသည်။
''ကျောင်းက ပိတ်ထားတာ ကြာပြီ။ နောက်နှစ်ရက်လောက် ပဲ ကျောင်းက လက်ခံမယ်လို့ ပြောတယ်။ မိုးမရွာရင်တော့ ရေက ပြန်ကျသွားမှာပါ။ လမ်း တွေကတော့ မြုပ်နေဦးမယ်''ဟုယာယီ ကယ်ဆယ်ရေးစခန်း တွင် ကူညီပေးနေသူ အရန်မီး သတ်မှ ဦးစိုးဝင်းကပြောသည်။
ဩဂုတ် ၂၂ ရက်မှ စတင် ရေလွှမ်းနေသည့် ရွှေပြည်သာမြို့ နယ်မှ ရပ်ကွက်များမှာ အမှတ် (၁)၊ (၂)၊ (၁၂)၊ (၁၄)၊ (၁၅)၊ (၁၆)၊ (၁၇)နှင့် (၁၈)ရပ်ကွက်များဖြစ် ပြီး အမှတ်(၁၇)ရပ်ကွက်မှာ အ ခြေအနေဆိုးရွားစွာ ကြုံတွေ့နေ ရပြီး လက်ရှိအချိန်အထိ ကျောင်း အချို့မှာ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ခဏထားဦးဆိုတဲ့ Right to Recall ဥပဒေကြမ်း ဘုန်းအောင်


လွှတ်တော်သတင်းစာရှင်းလင်းပွဲ သြဂုတ်လ ၁၇ ရက်ထုတ် ပြည်ထောင်စု နေ့စဉ်သတင်းတွင် ပြည်ထောင် စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သတင်းစာ ရှင်းလင်းပွဲပါ ဖြေကြားချက်များကို ဖော်ပြထားရာ စိတ်ဝင်စား ဖွယ်ရာကောင်းလှသော ရှင်းလင်းချက်များကို ဖတ်လိုက်ရပါသည်။ ပြည်သူ လူထုကိုတင်ပြလိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟူ၍ ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။ မည်သည့်အာဏာမဆို ပြည်သူများထံမှ ဆင်းသက်ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီ နိုင်ငံရေးစနစ်တွင် ပြည်သူလူထုသာလျှင် အချုပ်အခြာ အာဏာ ပိုင်ဖြစ်သည်ကို အခိုင်အမာ ချမှတ်ထားလေ့ရှိကြပြီး တိုက်ရိုက်ရွေးချယ် တင်မြှောက်ခြင်း၊ သွယ်ဝိုက်ရွေးချယ် တင်မြှောက် ခြင်း စသည့် နည်းလမ်း များဖြင့် ပြည်သူ့ကိုယ်စားကိုယ်စားလှယ်များ ရွေးချယ်ပေးရသည့် သဘော တရား ဖြစ်ပါသည်။ အမေရိကန်ကဲ့သို့ သမ္မတအုပ်ချုပ်ရေးစနစ်တွင် ပြည်သူများက သမ္မတကို တိုက်ရိုက်ရွေးချယ် တင်မြှောက် ၍ အုပ်ချုပ်စေနိုင် သလို အိန္ဒိယ၊ ယူကေစသည်ကဲ့သို့ ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် ပါလီမန် အမတ်များကို ပြည်သူများက ရွေးချယ်ပေးပြီး အမတ်နေရာ အများဆုံး ရရှိသောပါတီက အစိုးရဖွဲ့ကာ ပါတီခေါင်းဆောင် ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လေ့ရှိပါသည်။ ပြည်သူများက ရွေးချယ်တင်မြှောက် လိုက်သော သမ္မတ၊ ဝန်ကြီးချုပ်နှင့် ပါလီမန်တို့က တရာသူကြီးချုပ်များ ခန့်အပ် တာဝန်ပေးလေ့ရှိပါသည်။ အခြေခံမှာ ပြည်သူ များ သာဖြစ်ပြီး၊ ယင်းတို့က တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း၊ ရွေးချယ် ပေးလိုက်သော အရွေးချယ်ခံ ကိုယ်စားလှယ်များက ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို ခွဲဝေ ကျင့်သုံး ကြခြင်းဖြစ်သည်။ ပြည်သူများ၊ နိုင်ငံသားများ၏ အခွင့် အရေးများ၊ အကျိုး စီးပွား များ စသည်တို့ကို မြှင့်တင်ဖော်ဆောင်ပေးရန် အခြေခံဥပဒေတို့တွင် တိတိ ကျကျ ပြဋ္ဌာန်းထားလေ့ရှိပြီး၊ ယင်းအခွင့်အရေးများကို မဏ္ဍိုင်ကြီး (၃) ရပ်က ပြန်လည်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ အလားတူ Check and Balance သဘောအရ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် မိမိတို့ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်အား ပြန်လည် ဖြုတ်ချ ပိုင်ခွင့်ကိုလည်း ပြဋ္ဌာန်းထားလေ့ရှိပါသည်။

မိမိတို့ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ (ခ) တွင် “သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင် များအနက် အနည်းဆုံး(၁)ရာခိုင်နှုန်းတို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ် နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်” ဟူ၍ ပြဋ္ဌာန်းပါရှိပါသည်။ ဤသည်ကို Right to Recall ဟု ခေါ်ပါသည်။ အထူးသတိပြုသင့်သည်မှာ အဆိုပါ အခွင့်အရေးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အပ်နှင်းထားသော ပြည်သူ့အခွင့်အရေးဖြစ်ပြီး အဆိုပါ အခွင့်အရေးအား ရရှိနိုင်ရန်အလို့ငှာ အချို့သော မဲဆန္ဒနယ်များတွင် မူလ မဲဆန္ဒရှင်များ လက်မှတ် ရေးထိုးပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့သည့် သာဓကများလည်း ပြည်သူများ ကြားသိခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ Right to Recall နှင့် ပတ်သက်၍ ဥပဒေတစ်ရပ် လိုအပ်နေသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ၃၀-၈-၂၀၁၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။ ၆-၁၁- ၂၀၁၂ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က၊ ယင်းဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ယခုအခါ တစ်နှစ် နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း၊ ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆွေးနွေးခြင်းများ မပြုလုပ်ခဲ့ပါ။ ယခုအခါ ထိုသို့ ဆွေးနွေးမှု မရှိရသည့် အကြောင်းရင်းကို ပြည်ထောင်စုလွှတ်တော် နာယကကြီးက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားသွားသည်ကို ဖတ်ရှုခဲ့ရ ပါသည်။

ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်း မပြည့်မီပါက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းခြင်း ဥပဒေကြမ်း တင်ပြထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က တာဝန် ရှိတဲ့ ပုဂ္ဂိုလ်တွေ ဆွေးနွေးလိုက်တဲ့အခါ ဒီဥပဒေကို ဆက်လက် အကောင်အထည်ဖော်ဖြစ်မယ် ဆိုရင်၊ ခေတ်စနစ်နဲ့ လျော်ညီတဲ့ကိစ္စများ ဖြစ်စေဖို့အပြင် ဒီနေ့မြန်မာနိုင်ငံရဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ထူထောင်ရေး ကို များစွာခက်ခဲလာနိုင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်တဲ့ ကာလမှာ “ဒီဥပဒေကို ခဏထားပြီး” ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ ကော်မရှင်ရဲ့ အကြံပြု ချက် ရလာပါတယ်။ ရှင်းအောင် ထပ်ပြောရရင် ဒီနေ့ရွေးကောက်ပွဲ ကျင်းပ တယ်။ ပါတီစုံပါတယ်။ (က) ပါတီက အနိုင်ရတယ် ဆိုပါတော့။ ကိုယ်စားလှယ် ၅၁ ရာခိုင်နှုန်းနဲ့ အနိုင်ရသွားတယ်။ ကျန်တဲ့ ၄၉ ရာခိုင်နှုန်းက သူ့ကို မထောက်ခံဘဲ ကျန်ခဲ့တယ်။ အကယ်လို့ လွှတ်တော်ကိုယ်စားလှယ်ကို မထောက်ခံတဲ့ ၄၉ ရာခိုင်နှုန်းက ဒေသမှာရှိတဲ့ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းကနေ လက်မှတ်ထိုးပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ကို ရုပ်သိမ်းဖို့ဆိုတာ အချိန်မရွေးပြန်လုပ်လို့ရပါတယ်။ ပေးထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ ဈေးကွက် စီးပွားရေးစနစ်က မမျှတဘူးဖြစ်မယ်။ အမှန်အတိုင်းပြောရမယ် ဆိုရင် “ဒီဥပဒေက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး၊ တစ်ပါတီစနစ်မှာ တစ်ပါတီက လွှတ်တော် ကိုယ်စား လှယ် တွေကို ဖြုတ်ချခင်ရင် ဖြုတ်ချနိုင်အောင် ဒီအခွင့်အရေး ပေးထားတယ်။ ဒီအခွင့်အရေး ပေးလိုက်မယ် ဆိုရင် အရှုပ်အထွေးအများကြီးဖြစ်နိုင်တယ်။ ဘာကြောင့်လဲ၊ ပါတီစုံပါလာပြီ။ ဒါကြောင့် တခြားနိုင်ငံမှာ ရှိ/မရှိ၊ ဘယ်လိုကျင့်သုံးတယ်ဆိုတာ နိုင်ငံတကာစံတွေကို လေ့လာရတယ်။”

တစ်ဖန် လွှတ်တော် ကိုယ်စားလှယ် သုံးဦးပေါင်းပြီး နိုင်ငံဘဏ္ဍာ သိန်း ၁၀၀၀ ကို ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ်တိုင် စီမံခန့်ခွဲ အသုံးပြုရေးနှင့် ပတ်သက်သော မေးခွန်းတွင် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် အချက်နှင့် ဆက်စပ်၍ ကြိုတင်မဲဆွယ်ခြင်း ဖြစ်နိုင်/မဖြစ်နိုင် မေးမြန်းခဲ့ရာ၊ ပြည်ထောင်စု လွှတ်တော် နာယကကြီးက အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသည် ကို သင်ခန်းစာယူ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖြေကြားသွားသည်ကိုလည်း တွေ့လိုက်ရပါသည်။ ဤဖြေကြားချက်များနှင့် ပတ်သက်၍ အရိုးခံအတိုင်း၊ မြင်သည့်အတိုင်းတင်ပြလိုသည်။ ပြည်သူ့အသံကိုနားထောင်လိုကြောင်း ကျယ်ပြန့်စွာ အသိပေးထားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့အသံတစ်ခုဟူ၍ မှတ်ယူ ပေးစေလိုပါသည်။ ဟပ်ချိုးလည်း မချေလို၊ ဆိတ်ဖွားလည်း မမည်လိုကြောင်း ကြိုတင်တောင်းပန် လိုက်ရပါ သည်။ ဤနေရာတွင် လွှတ်တော်ကိုယ်စားလှယ်သုံးဦး ဆိုသည်မှာ ထိုမြို့နယ် က ကိုယ်စားပြု တင်မြှောက်လိုက်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ဆိုကြောင်း ဦးစွာတင်ပြ လိုပါသည်။

မပါတာကို ကျင့်သုံးပြီး ပါတာကို ဘေးဖယ်မည်လော

လွှတ်တော် ကိုယ်စားလှယ် သုံးဦး သိန်း ၁၀၀၀ သုံး ဟူသော အချက်မှာ မိမိတို့၏ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိပါ။ Right to Recall မှာ မိမိတို့၏ အခြေခံဥပဒေတွင် အတိအလင်း ရှင်းရှင်းလင်းလင်း တိတိကျကျ ထင်ထင်ရှားရှား ပြဋ္ဌာန်း ထားသည်။ ပွင့်ပွင့်လင်းလင်းတင်ပြရလျှင် ပြည်သူများအား အခြေခံဥပဒေက ပေးအပ်ထားသော အခွင့် အရေးကို ပိတ်ပင်ရာ ရောက်နေပြီး၊ လွှတ်တော်ကိုယ်စားလှယ် များအတွက် အခြေခံဥပဒေက ပေးအပ်ထား ခြင်းမရှိသော အခွင့်အရေးကို မြှင့်တင်ရာ ရောက်နေသည်ကို သတိပြုစေလိုပါသည်။ သာမန် ဥပဒေတစ်ရပ်မဟုတ်ဘဲ အခြေခံဥပဒေ ဖြစ်နေခြင်းမှာ တရားဥပဒေ စိုးမိုးရေးနှင့် ဆက်စပ် စဉ်းစား သုံးသပ် ကြည့်လျှင်၊ စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်နေကြောင်း တွေ့နေရ ပါသည်။

တစ်ပါတီစနစ်မှာပဲ သုံးခဲ့ခြင်းလား၊ နိုင်ငံတကာစံတွေ ဘယ်လိုရှိသလဲ

Right to Recall သည် ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်ကျေပွန်မှုကို သေချာစေသည့် ဒီမိုကရေစီနည်းလမ်း တစ်ခုအဖြစ် ကျင့်သုံးနေကြခြင်းဖြစ် ပါသည်။ လူသားယဉ်ကျေးမှုတွင် အစောဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အေသင်မြို့ပြနိုင်ငံ၏ ကွန်စတီကျူးရှင်းတွင် ထည့်သွင်းပြဋ္ဌာန်းကာ အစောဆုံး ကျင့်သုံးခဲ့ပါသည်။ ခေတ်သစ်ကာလ ၁၉၀၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိပြည်နယ်တွင် စတင်ကျင့်သုံးခဲ့ပြီး၊ ယခုအခါ Right to Recall ကို အမေရိကန်ပြည်ထောင်စုတွင် (၁) အလာစကာ ပြည်နယ်အခြေခံ ဥပဒေ ၊ (၂) အရီဇိုးနားပြည်နယ် အခြေခံဥပဒေ၊ (၃) ကယ်လီဖိုးနီးယားပြည်နယ် အခြေခံ ဥပဒေ၊ (၄) ကော်လိုရာဒိုပြည်နယ် အခြေခံဥပဒေ၊ (၅) ဂျောဂျီယာ ပြည်နယ် အခြေခံဥပဒေ၊ (၆) အိုဒါဟိုး ပြည်နယ် အခြေခံဥပဒေ၊ (၇) ကန်းဆတ် ပြည်နယ် အခြေခံဥပဒေ၊ (၈) လူးဝီစီယားနား ပြည်နယ် အခြေခံဥပဒေ၊ (၉) မစ်ချီဂန် ပြည်နယ် အခြေခံဥပဒေ၊ (၁၀) မင်နီဆိုးတား ပြည်နယ် အခြေခံဥပဒေ၊ (၁၁) မွန်တားနား ပြည်နယ် အခြေခံဥပဒေ၊(၁၂) နီဗေးဒါး ပြည်နယ် အခြေခံဥပဒေ၊ (၁၃) နယူးဂျာစီ ပြည်နယ် အခြေခံဥပဒေ၊ (၁၄) မြောက်ဒါကိုတာ ပြည်နယ် အခြေခံဥပဒေ၊ (၁၅) အော်ရီကွန်း ပြည်နယ် အခြေခံဥပဒေ၊ (၁၆) ရိုဒီအိုင်လန် ပြည်နယ် အခြေခံဥပဒေ၊ (၁၇) ဝါရှင်တန် အခြေခံဥပဒေ၊ (၁၈) ဝစ်စ်ကွန် ဆင်ပြည်နယ် အခြေခံဥပဒေတို့တွင် အလားတူ ပြဋ္ဌာန်းထား ရှိကြောင်း အထင်အရှားတွေ့ရှိ ရပါသည်။ အိန္ဒိယနိုင်ငံတွင် ချတ္တီဂါ့ရှ် ပြည်နယ်၊ မဟာရတ္ထရ ပြည်နယ်၊ မဒရာပရာဒက်ရှ် ပြည်နယ်များတွင် ကျင့်သုံးလျက်ရှိပြီး နောက်အကျဆုံး ၂၀၀၈ ခုနှစ်တွင် ချတ္တီဂါ့ရှ် ပြည်နယ်တွင် Recall Election ကို ကျင်းပခဲ့ ကြောင်းတွေ့ရှိရပါသည်။ ယူဂန္ဓာ၊ ကနေဒါ၊ ဂူယာနာ၊ ဆွစ်ဇာလန်၊ ဗင်နီဇွဲလားနိုင်ငံများတွင် Right to Recall ကို ကျင့်သုံးလျက်ရှိပါသည်။ သို့ဖြစ်ရာ Right to Recalls ကို တစ်ပါတီ စနစ်တွင်သာ ကျင့်သုံးခဲ့ခြင်းဖြစ် သည် ဟူသော အယူအဆကို ရှေ့တန်းတင်လျက် ဆွေးနွေး လာခြင်းသည် ပြည်သူတို့၏ အခွင့်အရေးအား တိုက်ရိုက်ပိတ်ပင်ရာ ရောက်နေပြီဖြစ် ကြောင်း သတိပြုသင့်လှပေသည်။ ဒီမိုကရေစီ၏ အန္တရာယ်ဖြစ်ပါသည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးပြီးခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ သုံးရပ်ကို လေ့လာ ကြည့်သင့်ပါသည်။

တစ်ပါတီစနစ်ကျင့်သုံးခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၅ တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများနှင့်အညီ (က)နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စား လှယ်များရွေးချယ် တင်မြှောက် ခွင့်နှင့် မိမိကိုယ်တိုင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံပိုင်ခွင့် ရှိသည်။ (ခ) မိမိတို့ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ ပါတီစုံစနစ် ကျင့်သုံးခဲ့သော ပါလီမန်ဒီမိုကရေစီ အစိုးရခေတ် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၇၈ တွင် ပါလီမန်ဆိုင်ရာ လွှတ်တော် တစ်ရပ်ရပ်၏ အမတ်တစ်ဦးကို အမတ်အဖြစ်မှ ထွက်ခိုင်းရန် လိုအပ်သော စည်းကမ်းချက်များနှင့် နည်းနာများကို ပါလီမန် သည် တရားဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

လက်ရှိ ပါတီစုံဒီမိုကရေစီစနစ်တွင် ကျင့်သုံးနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၉ (ခ) တွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်း(ဖြုတ်ချ) ခြင်းကို သက်ဆိုင်ရာ မဲဆန္ဒရှင် များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့် အညီ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိသည်ဟု လည်းကောင်း၊ ပုဒ်မ ၃၉၆ တွင် တွင် (က) လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အောက်ပါ အကြောင်း တစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည် (၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ (၂) ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ (၃) အကျင့်သိက္ခာ ပျက်ပြားခြင်း၊ (၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေ တွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ (၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း၊ (ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်းတန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရ မည်။ (ဂ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည်၊ (ဃ) စွပ်စွဲချက် ကို စုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်သော်လည်းကောင်း၊ ချေပခွင့်ပေးရမည်၊ (င) ပြည်ထောင်စု ရွေးကောက်ပွဲကောာ်မရှင်က ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး၊ စွပ်စွဲခံ ရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ဆက်လက်၍ ပုဒ်မ ၃၉၇ တွင် ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စ များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရ မည် ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။ ခေတ်သုံး ခေတ်၏ ပြဋ္ဌာန်းချက်များကို နှိုင်းယှဉ်ကြည့်လျှင် တစ်ပါတီစနစ်ဖြစ်၍သာ လွှတ်တော်ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်အတွက် ပြဋ္ဌာန်းထားသည်ဟူသော အဖြေ မှန်/မမှန် တွေ့မြင်နိုင်ပါသည်။ အမှန်တရား သည်ကား ပြည်သူ့ထံမှ အာဏာ သက်ဆင်းလာသည်ဟူသော ဒီမိုကရေစီ၏ အခြေခံ အယူအဆပင် ဖြစ်ပါသည်။

တစ်ရာခို်င်နှုန်းလက်မှတ်ရေးထိုးတာနဲ့ ဖြုတ်ချနိုင်ပြီလား

မူလမဲဆန္ဒရှင်၏ တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုးတောင်းဆိုတင်ပြရုံမျှဖြင့် ဖြုတ်ချနိုင်ခြင်းမရှိကြောင်း၊ သတင်းစာတွင် ဖော်ပြပါရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းတွင် တွေ့ရှိနိုင်ပါသည်။ ယင်းဥပဒေကြမ်းပုဒ်မ ၁၄ တွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းကြောင်းသို့မဟုတ် မရုပ်သိမ်းကြောင်း မဲပေး ဆုံးဖြတ်ရာတွင် လာရောက်ဆန္ဒမဲပေးကြသည့် သက်ဆိုင်ရာမဲဆန္ဒရှင်များ၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာအတည်ပြုရမည်ဟူ၍ ပါရှိသည်။ တစ်ရာခိုင် နှုန်းက လက်မှတ်ရေးထိုးတင်ပြလျှင် ကော်မရှင်က အဖွဲ့ဖွဲ့၍ စစ်ဆေးပါဦးမည်။ ထိုသို့စစ်ဆေးပြီး ပြည်သူ များ၏ တောင်းဆိုချက် မှန်ကန်ကြောင်းတွေ့ရှိ မှသာမူလမဲဆန္ဒနယ်မြေတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ ရမည်ဖြစ်ပြီး၊ ထက်ဝက်ကျော်ကရုပ်သိမ်းရန် ထောက်ခံမှသာ ဖြုတ်ချနိုင်မည် ဖြစ်ပါသည်။ နာယကကြီး၏ ဥပမာအတိုင်းတင်ပြရလျှင် (က) ပါတီကအနိုင်ရခဲ့သည် ယူဆပါက ၅၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်အား ကျန်သည့် ၄၉ ရာခိုင်နှုန်းကမထောက်ခံဘဲ ဖြုတ်ချရန်၊ မဲပေးခဲ့လျှင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်နေပါလိမ့်မည်။ ကျန်သည့် ၄၉ ရာခိုင်နှုန်းအနက်မှ တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုးရုံဖြင့် ဖြုတ်ချနိုင်ခြင်းမပြုနိုင်အောင် ဥပဒေကြမ်းတွင် ဖော်ပြထား ကြောင်း တွေ့ရှိရပါသည်။

လွှတ်တော်ကိုယ်စားလှယ်များအခွင့်အရေး မြှင့်တင်ခြင်းများ၊

ပြီးခဲ့သည့် (၂) နှစ်ခွဲ သက်တမ်းအတွင်း ပြဋ္ဌာန်းလိုက်သည့် ဥပဒေ (၆၃) ခုတွင် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသည့် ဥပဒေကြမ်း (၁၁) ခုကိုလေ့လာကြည့်လျှင် လွှတ်တော် အကျိုးကိုသာ မြှင့်တင်လိုသည့် သဘော (စွပ်စွဲလိုခြင်းမဟုတ်ပါ) သက်ရောက်နေသော ဥပဒေများဖြစ်သည့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ စုစုပေါင်း (၅) ခုရှိကြောင်း တွေ့ရှိရပါသည်။ ယခုတစ်ဖန် အိန္ဒိယ နိုင်ငံ၏ နမူနာကိုယူ၍ ဆောင်ရွက်သည် ဟုကြေညာထားသော ဆိုင်ရာဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ် သုံးဦး၊ သိန်းတစ်ထောင်ခွဲဝေပေး၍ ဒေသဖွံ့ဖြိုးရေးဆောင်ရွက် စေလိုသည် မှာလည်း လွှတ်တော်ကိုယ်စားလှယ် အကျိုးကို မြှင့်တင် လိုရာရောက်/မရောက် ပြန်လည်ဆန်းစစ် လေ့လာသင့်လှ ပါသည်။ အကြောင်းရင်းကား လွတ်လပ်သောတရားမျှတသော ရွေးကောက်ပွဲ ဟူသည်မှာ ဝင်ရောက်ယှဉ်ပြိုင်သူများအားတန်းတူရည်တူ ပြိုင်ကွင်း (Level Play Field) ဖြစ်ရန် လိုအပ်ခြင်းကြောင့် ဖြစ်ပါသည်။ ယခုအခါ လွှတ်တော် တွင်းမရောက်ရှိသေးသော်လည်း ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်၊ ပါတီအသစ် ထူထောင်မှုများတွေ့ရှိနေရပြီဖြစ်ရာယခုကဲ့သို့ မိမိတို့ မဲဆန္ဒနယ် ဖွံ့ဖြိုးတိုးတက် ရေးကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက် စေခြင်းကြောင့် တရားမျှတသော ယှဉ်ပြိုင်မှုကို ထိခိုက် နိုင်ခြင်းရှိ /မရှိ၊ အဆိုပါ သုံးဦးတစ်ထောင်သည် မဲဆွယ်စည်းရုံးခြင်း၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် ရောက်ရှိ သွားနိုင်ခြင်းရှိ/မရှိ၊ လက်ရှိကိုယ်စားလှယ်များအား သိန်းတစ်ထောင်စီ ထောက်ပံ့ပေးလျှင် ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် အခြား ကိုယ်စားလှယ်လောင်းများကို ထောက်ပံ့မှု ပေးသင့်/မပေးသင့် စသည်တို့မှာ လည်း ဒီမိုကရေစီသဘောတရားအရ ဆန်းစစ်လေ့လာသင့်ကြောင်း တွေ့ရှိရပါသည်။

“ခဏထား”ဟူသော ဆိုလိုရင်းမှာ နောက် (၂)နှစ်ခွဲ သက်တမ်း တစ်ခုလုံးကို ဆိုလိုသည်လား ရှင်းရှင်း လင်းလင်းမရှိပါ။ ခဏထားခဲ့သဖြင့် ပြီးခဲ့သည့် (၂) နှစ်ခွဲလုံးလုံး နိုင်ငံသားများ အခြေခံဥပဒေက ပေးအပ် ထားပြီး ဖြစ်သော အခွင့်အရေးကိုချွေးသိပ်ထားရာမှ အဆုံးခံရမည့် အခြေအနေရောက်နိုင် လေပြီ။ အခြေခံ ဥပဒေက အတိအလင်း အပ်နှင်းထားသော အခွင့်အရေးကို ဤသို့ ခဏထားဟူ၍ ပိတ်ပင်တားမြစ် ထားခြင်းသည် Rule of Law အရ မည်သည့် အဓိပ္ပာယ်သက်ရောက်စေနိုင်မည်နည်း ဟူသည်ကိုလည်း စဉ်းစားဖွယ်ရာ ဖြစ်နေပါသည်။ လိုက်နာစောင့်ထိန်းမှုကင်းမဲ့သော အခြေခံဥပဒေသည် မည်သို့သော အခြေအနေသို့ ဆိုက်ရောက်သွားနိုင်သည် ကိုလည်း တွေးမိပါသည်။

လွှတ်တော်ကိုယ်စားလှယ်များကို စွပ်စွဲပြစ်တင်မှု မလုပ်နိုင်။ Right to Recall ဖြင့်သာ မဲဆန္ဒရှင်တို့က ထိုသူကို ထိန်းနိုင်သည်

မိမိတို့ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးချုပ်နှင့် တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအား ဖြုတ်ချလိုလျှင် စွပ်စွဲပြစ်တင်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက် နိုင်ပါသည်။ ပြည်ထောင်စု လွှတ်တော်ကြီးက ပင်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး တစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချခဲ့ပြီး ဖြစ်သည်ကို ဟိုးလေးတကျော် တွေ့ခဲ့ကြပြီး သမိုင်းဖြစ်သွားခဲ့ပါသည်။ ထိုကိစ္စ ကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိကို ဖြုတ်ချနိုင် သော အခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တားဆီးထားသည်ဆိုပါက ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆ (က) (၂) အရ အကျုံးဝင်လာမည် ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များကို စွပ်စွဲပြစ်တင်၍ မရပါ။ လွှတ်တော်ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆(ခ) ဖြင့်သာ ဖြုတ်ချနိုင်ပါသည်။ တစ်ဖန် ယင်းဖြုတ်ချ ခွင့်မှာ အချုပ်အခြာအာဏာ သက်ဆင်းရာဖြစ်သော ပြည်သူများအား အခြေခံ ဥပဒေ က တရားဝင်အပ်နှင်းထားသော အခွင့်အရေးဖြစ်ကြောင်း သတိပြုစေလို ပါသည်။ ဤသို့ ဒါတော့ ခဏထား ကွာ၊ ဒို့အခွင့်အရေးတွေ မြှင့်တင်ဖို့ပဲ လုပ်ကြတာပေါ့ ဟူသော သဘောမှာ ဒီမိုကရေစီ၏ စစ်မှန်သော အနှစ်သာရ ကို မျက်ကွယ်ပြုရာ ရောက်ရှိနေပါသည်။ ယခု (၅)နှစ်လုံးလုံး အဆိုပါ အခွင့်အရေး မရရှိခဲ့လျှင်၊ အခြေခံ ဥပဒေကို မည်သူတွေ လိုက်နာပါ။ မည်သူတွေက လိုက်နာရန်မလိုဟု ခွဲခြားမှုသဘော ရှိလေပြီ လား တွေးဆဖွယ်ပင်၊ ပြည်သူ့အကျိုးစီးပွားကို မမြှင့်တင်နိုင်လျှင်နေပါ။ ပြည်သူ့ အခွင့်အရေးကို မပိတ်ပင် သင့်ဟု ပွင့်ပွင့်လင်းလင်း တင်ပြလိုပါသည်။ ပြည်သူ့အခွင့်အရေးကို ပိတ်ပင်လိုခြင်းသည် ပြည်သူ့ ကိုယ်စားလှယ် အစစ် အမှန်အဖြစ်မှ သွေဖည်သွားလေပြီလားဟု အထိတ်တလန့် ဆင်ခြင်မိပါသည်။ Check and Balance ဆိုသည့်အပြန်အလှန် ထိန်းကျောင်းခြင်းအမှုကို မိမိကလည်း ကျင့်သုံး မိမိအပေါ် ကျင့်သုံးရင်လည်း ခံယူမှ ဖြစ်မည်ဟု လက်ခံရပေမည်။

အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်/မရောက်

အခြေခံ ဥပဒေတွင် မပါရှိသောလည်း ဘယ်နိုင်ငံ တွေမှာ ဘယ်လိုလုပ်နေတာ၊ ဒါကြောင့် ဒါတွေကို အတုယူပြီး လုပ်နေတာပါ ဟူသော ပြောကြားချက်မှာ ပြည်သူ့အကျိုးရည်ရွယ်ရိုးမှန်လျှင် သင့်မြတ်ကောင်းမွန်နိုင်ပါသည်။ မိမိတို့ထက် ဒီမိုကရေစီ ခရီးလမ်းကို လျှောက်လှမ်းသွားနှင့်ပြီး ဖြစ်သော အခြားနိုင်ငံများကို သင်ခန်းစာယူသင့်သည်ကို ယုံယုံကြည်ကြည် လက်ခံပါသည်။ သို့သော် အခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်မျာကို ခဏထား ဦး ဟူ၍ လျစ်လျူရှုနေကြခြင်းသည် ယနေ့ခေတ် ခေါင်းဆောင်များ မကြာခဏ ပြောကြားနေကြသော Rule of Law, No One Above the Law စကားသံများက ဝမ်းနည်းစွာ ငိုကြွေးနေကြမည်လား မပြော တတ်ပေ။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက်၊ ပြည်သူ့ အကျိုးစီးပွား၊ မိဘပြည်သူ စသည် အားဖြင့် ပြောကြားမှုများတွင် ပါရှိနေသော ပြည်သူများအတွက် အခြေခံဥပဒေက ပေးအပ်ထားသော အခွင့်အရေးများ ရရှိရန် ခဏထားဦးဟူသော စကားတစ်ခွန်းဖြင့် ဤသို့ မျက်စိစုံမှိတ် နေသင့်ပါ၏လော။ စိုးရိမ်ပူပန်ဖွယ်ရာ အကောင်းဆုံးအခြေအနေကား မိမိတို့ ရှေ့မှောက်တွင် ရောက်ရှိနေပေပြီ။ ဤအခြေခံ ဥပဒေသည် ကျင့်သုံး လိုက်နာရန်၊ စောင့်ထိန်းရန်မလိုအပ်ဟု ယူဆလိုက်ပြီဆိုလျှင် ဤအုတ်မြစ်ဖြင့် တည်ဆောက်ထားသော ဤနိုင်ငံသည် မည်သည့်သောင်ကမ်းသို့ ဆိုက်ရောက် သွားမည်လဲ။ ဤသည်ကို ပင်လျှင် ဒီမိုကရေစီဟု အမည်တပ်သော် အခြေခံ ဥပဒေနှင့် ကသောင်းကနင်းများစွာ ဖြစ်ပေါ်လာရုံသာ ရှိလေမည်လား စဉ်းစားဖွယ်ပင်။ နောက်ဆုံးစဉ်းစားမိသည့် Check and Balance ဟု အလွန်သုံးနေသည့် (အသုံးလွန်နေ သည်ဟု မဆိုချင်) ယဉ်ကျေးမှုစကားအသစ်ဖြစ်သည်။ မိမိအား ထိန်းကျောင်းနေသည့် ကိစ္စရပ်မှန်သမျှကို ဖယ်ရှားရန် ရည်ရွယ်ဆောင်ရွက်နေသည်ဟု ဆိုလျှင်၊ ဒီမိုကရေစီခေတ်ဦးတွင် မည်သူတွေ၊ မည်သည့်အဖွဲ့တွေက သွေဖည်၍ အာဏာရှင်အဖွဲ့အစည်းပုံစံ ဖော်ဆောင်ကြတော့မည်နည်း ဟု သုံးသပ်ကြရတော့မည်။ “ ပြည်သူတွေမှာ ဒီမိုကရေစီ ပန်းတိုင်းကို ရည်မျှော်၍ လျှောက်လှမ်းရင်း ပျောက်သောလမ်းမှာ စမ်းတဝါးဖြစ်တော့မည်။ လိုချင်သော ပြည်သူ့ဗဟိုပြု အုပ်ချုပ်ရေးဆိုသည်ထက် ဘယ်စနစ် ဖြစ်လာမည်လဲ။ မိမိတို့ ပြည်သူများအနေဖြင့် ထိန်းကျောင်းတည့်မတ်ကြမည်လဲ။ မည်သည့် နိုင်ငံများ မည်သို့ကျင့်၍ မည်သို့လုပ်လိုသည်ဆိုသည်မှာ ဒီမိုကရေစီနုနယ်စ မိမိတို့နိုင်ငံအဖို့ အတုယူ သင့်သည်ကို တင်ပြပြီးပေပြီ။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လျက် လွတ်လပ်ရေး ကို ရည်မျှော်ရင်း ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေ ပုဒ်မ ၅၇ ပြဋ္ဌာန်းချက်ကို အလျဉ်းသင့်၍ တင်ပြလိုပါသည်။ နိုင်ငံတော် သမ္မတသည် ဝန်ကြီးချုပ်၏ အကြံပေးချက်အရ၊ ပြည်သူ့ လွှတ်တော်ကို ဆင့်ခေါ်ရမည်။ သို့တည်းမဟုတ် ဖျက်သိမ်းရမည်။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ မိသားစုများနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေတို့ကို နိမိတ်ဖတ် ပြောကြား ခဲ့ဖူးသည့် “ ကျုပ်ကတော့ လွတ်လပ်ရေးရပြီး အာဏာလုပွဲတွေ မစခင် နိုင်ငံရေး လောကက အနားယူမယ်” ဟု ပြောခဲ့သည်ကို ဖတ်မိဖူးသဖြင့် တွေးမိခြင်း ဖြစ်ပါသည်။ တမလွန်က ပြည်သူချစ်သော ဒို့ဗိုလ်ချုပ်ပြုံးနေမည် လား မပြောတတ်ပေ၊ ထိန်းညှိခြင်းဟု ဆိုရာ၌ မဏ္ဍိုင်ကြီး (၃) ရပ်တို့ ကျင့်ကြံ ရမည့် ပြဋ္ဌာန်းချက်ကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁ (က) တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ ပြုသည်ဟု ပြဋ္ဌာန်း ထားပါသည်။ မည်သို့ဆိုစေ ထိုမဏ္ဍိုင်(၃) ရပ်တို့သည် ပြည်သူ့အကျိုးသယ်ပိုးရမည်ဟု ခံယူချက် ခိုင်ခိုင်မာမာထားရှိလျှင်၊ မိမိကိုယ်ကို ဖြုတ်ချ၍ မရနိုင်သော၊ ဘယ်တော့မှ မလျော့ကျတော့သော (ဘာသာရေးနှင့် ယှဉ်တွဲ၍ မမြဲသော သဘောကို နှလုံးသွင်းလျက်) ပြည်သူ့ကိုယ်စားလှယ်ဖြစ်ရမည်ဟု မခံယူကြလျှင် ပြည်သူတို့ကလည်း အရတော်ပေစွဟု ပီတိဖြာဝေ၍ မေတ္တာပို့သ ချီးမွမ်းနေကြပေလိမ့်မည်။ ရည်မှန်းချက်ကိုကား အပျောက်ခံ၍ မဖြစ်ပြီ။ နိုင်ငံတော်တွင် တရားဥပဒေ စိုးမိုးရေးမရှိမဖြစ်ဟု နှုတ်ထွက်စကားပြောဆိုမှု သည် အမှန်ပင်မရှိမဖြစ် လိုအပ်သလို ရေပန်းလည်း စားနေပါသည်။ ယုံကြည် လျှင် ယုံကြည်သည့်အတိုင်း ဖော်ဆောင်နိုင်ကြပါစေ၊ အပြောနှင့်အလုပ်ညီကြ ပါစေ ဟု မဝံ့မရဲ ရင်မောစွာ ဖြင့် မျှော်လင့်နေရသော အိပ်မက်ဆိုးမှ နိုးထနိုင်ကြပါစေ။ ကိုယ်တိုင်လည်း အိပ်မက်ဆိုးတွင် မနစ်မျောလို ပြီ။ သဗ္ဗေသတ္တာ ကမ္မသကာ ဟုတော့ နှလုံးမသွင်းချင်။ ငုတ်မိသဲတိုင်တက် နိုင်ဖျားရောက် ဟု ခံယူ၍ ဒီမိုကရေစီခေတ်ဦး ကြည်နူးမှုအတွေးများကို ရှင်သန်စေလိုကြောင်း ဆုတောင်းလိုက်ရပေတော့သည်။

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၁၄) မှ ကူးယူဖော်ပြသည်

ဒီလိုတော. လစ်လျူရူ မထားသင်.ပါဘူး 27.8.2013 Shan News'


ကျနော့သူငယ်ချင်းရဲ့ သမီးလေး မြသက်ခြယ်ပါ…
မန္တလေး ချမ်းမြသာစည်မြို့နယ် ၆၅လမ်းက နိုဗယ်လ် ပုဂ္ဂလိက ကျောင်းမှာ ကျောင်းထားပါတယ်…
ဒီနေ့နေ့လည်ထမင်းစားကျောင်းဆင်းတော့ က လေးရဲ့နားထင်မှာ ပုံပါအတိုင်း ဒဏ်ရာရခဲ့ပါတယ်…
ဒီလောက်ကြီးမားတဲ့ဒါဏ်ရာရတာတောင် ကျောင်းက မိဘကိုအကြောင်းမကြားပေးသလို ဆေးကုသမှုတစ်စုံတစ်ရာလည်း မလုပ်ပေးပါဘူး…
အခု အိမ်ပြန်ရောက်ချိန်ညနေ၅နာရီမှ ဆေးရုံသွားပြီးချုပ်ခဲ့ရပါတယ်…
မျက်နှာလွဲခဲပစ်လုပ်တတ်တဲ့ကျောင်းရဲ့အကြောင်း တခြားကျောင်းသားမိဘတွေသိအောင် Shareပေးကြပါဦးတဲ့ခင်ဗျာ။ ။

လက်ဖက်ခြောက်ဗူးပေါ်တွင် ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် ရိုက်နှိပ်ထားရှိမှု


၂၆.၈.၂၀၁၃ရက်နေ့က ဖူးရှင်းဘရားသားကုမ္ပဏီမှ လက်ဆောင်
ပေးသည့် လက်ဖက်ခြောက်ဗူးများ ပေါ်တွင် ရွှေတိဂုံစေတီတော်ပုံ
ပါရှိသဖြင့် တာမွေမြို့နယ် သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်တစ်ပါးမှ တိုင်းသံဃာ့နာယကဥက္ကဌဆရာတော်ထံသို့ အဆိုပါလက်ဖက်ခြောက်ဗူး
ပေါ်တွင် ရွှေတိဂုံစေတီပုံပါရှိ၍ သံဃာတော်များမှ ကျေနပ်မှုမရှိခြင်း၊ သံဃာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့မှ စိတ်မချမ်းမြေ့ခြင်း ဖြစ်ကြကြောင်း
လျှောက်ထားခဲ့ရာ တိုင်းသံဃာ့နာယကဥက္ကဌဆရာတော်မှ သာသနာရေးမှူးမှတဆင့် တာဝန်ရှိသူအဆင့်ဆင့်ထံ သတင်းပို့စေခဲ့
ပါသည်။

၂၇.၈.၂၀၁၃ရက်နေ့ ၁၅၀၀အချိန်တွင် တိုင်းသာသနာရေးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်
နှင့် တာဝန်ရှိသူများမှ ဖူးရှင်းဘရားသားကုမ္ပဏီအကြံပေး ဦးဇင်ဦးအား
ခေါ်ယူ၍သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် စီးကရက်ဗူးပုံသဏ္ဍာန် လက်ဖက်ခြောက်ဗူးငယ်များတွင် ရွှေတိဂုံစေတီတော်ပုံများရိုက်နှိပ်ထားပြီး ၎င်းဗူးငယ်(၉)ဗူးထည့်သည့် စက္ကူဗူးကြီးပေါ်နှင့် လက်ဆွဲအိတ်တို့
ပေါ်တွင်လည်း ရွှေတိဂုံစေတီတော်ပုံ(Logo)အမှတ်အသားများဖြင့်
ကုန်အမှတ်တံဆိပ်အသုံးပြုထားသည့်အတွက် သံဃာတော်များနှင့်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ခံစားရသဖြင့်
ကန့်ကွက်ကြောင်းနှင့် ယင်းတံဆိပ်အားဆက်လက် အသုံးမပြုရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

ကုမ္ပဏီအကြံပေးဦးဇင်ဦးမှ ၎င်းတို့ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသားများနှင့်
ပြည်တွင်းမိတ်ဆွေများအား လက်ဆောင်ပေးရန် တရုတ်ပြည်ရှိကုမ္ပဏီသို့ ကမ္ဘာလုံးစီးကရက်စက်ရုံလိပ်စာကိုသာပေးပြီး မြန်မာပြည်အတွက်
အမှတ်တရ(Logo)လုပ်ပေးရန်၂၀၁၃ခုနှစ်၊ဇူလိုင်လအတွင်းကမှာကြားခဲ့ရာ သြဂုတ် လဆန်းပိုင်းတွင် ရွှေတိဂုံစေတီတော်ပုံပါလက်ဖက်ခြောက်ဗူးကြီး (၅၀)ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိရပါသည်။

ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဦးအိုက်ထွန်းမှ မှာယူရရှိသည့်ဗူး(၅၀)အနက် ၎င်း၏မိတ်ဆွေများနှင့် နိုင်ငံခြားသားများထံ (၁၆)ဗူးလက်ဆောင်
ပေးခဲ့ကြောင်းသိရှိရသဖြင့် ကျန်(၃၄)ဗူးအားသိမ်းဆည်းခဲ့ပြီး လက်ဆောင်ပေးခဲ့ပြီးဖြစ်သည့် (၁၆)ဗူးအား ပြန်လည်သိမ်းဆည်းနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဝန်ကြီးဌာနအဖွဲ့အစည်း ၁၀၀ ကျော်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းနဲ့ မညီ ဆောင်ရွက်ခဲ့မှုကြောင့် ပြည်သူ့ဘဏ္ဍာ ကျပ်သန်း ၅ ထောင်နီးပါး နစ်နာခဲ့ စည်သူဇေယျ - DVB - ၂၇ သြဂုတ် ၂၀၁၃

ဝန်ကြီးဌာနတွေရဲ့ ဌာန အဖွဲ့အစည်း ၁၀၀ ကျော်ဟာ လုပ်ထုံးလုပ်နည်းတွေနဲ့ လိုက်နာဆောင်ရွက်မှု အားနည်းသလို ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ မညီညွတ်ပဲ ဆောင်ရွက်နေတာတွေကို တွေ့ရတဲ့အကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သြဂုတ်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ် ဘာဏ္ဍာငွေ အရအသုံးဆိုင်ရာ စာရင်းတွေကို ပြည်သူ့ငွေစာရင်းပူးပေါင်းကောမတီက လေ့လာစစ်ဆေးခဲ့ပီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။ အဲ့ဒီအစီရင်ခံစာထဲမှာဘဲ ဌာနဆိုင်ရာ အဖွဲ့စည်းအတွေအနေနဲ့ အခုလို ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ မညီညွှတ်ဘဲ လုပ်ဆောင်မှုကြောင့် ပြည်သူ့ဘဏ္ဍာ ငွေကျပ်သန်းပေါင်း ၅ ထောင်နီးပါး ဆုံးရှုံးခဲ့သလို အမေရိကန်ဒေါ်လာ ၄ သောင်း ၆ ထောင် နဲ့ တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းတွေပါ နစ်နာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီတွေ့ရှိမှုနဲ့ပါတ်သက်ပြီး သက်ဆိုင်ရာဌာနတွေက တာဝန်ရှိတဲ့ ၀န်ထမ်းတွေကို တရားဥပဒေအရ ရေးယူမှုတွေပြုလုပ်ခဲ့သလို ၀န်ထမ်း စည်းမျဥ်းစည်းကမ်းတွေနဲ့လဲ အရေးယူခဲ့တယ်လို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာဌာနတွေကို ၂၀၁၃ ခုနစ် ၁ လပိုင်း မှာ ဒီနစ်နာခဲ့တဲ့ ငွေကြေးတွေကို အပြီးသတ် အကြေဆပ်စေခဲ့ပါတယ်။ ၀န်ကြီးဌာန ၅ ခုမှာတော့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့အထို ကြွေးကျန်အမှုပေါင်း ၁၂ မှုရှိတယ်လို့သိရပါတယ်။

"ဖျာပုံမြို့နယ်အတွင်း လယ်သမား (၁၀) ဦး ဖမ်းဆီးခံရ" RFA Burmese


ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အလန်းဖလွတ်ကျေးရွာက သိမ်းယူထားတဲ့ လယ်မြေထဲမှာ တဲအိမ် ၀င်ဆောက်လို့ဆိုပြီး မူလ လုပ်ကိုင်ခဲ့တဲ့ လယ်သမား(၁၀) ယောက်ကို ကျုံကဒွန်းမြို့နယ် ရဲစခန်းက မနေ့ညက လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ် နောက်ပိုင်း လယ်ယာမြေဧက (၁၀၀၀) ကျော်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးက နိုင်ငံတော်ကို ပေးရမယ့် အခွန်မကျေလို့ဆိုပြီး သိမ်းယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုသိမ်းယူပြီးနောက်ပိုင်း တခြား လယ်သမားတွေကို ရောင်းချခဲ့တာဖြစ်တဲ့အတွက် အခု မူလတောင်သူတွေက တဲဝင်ဆောက်ရာမှာ လက်ရှိလုပ်ကိုင်နေတဲ့လယ်သမားတွေက တရားလိုပြုလုပ် တိုင်ကြားတာဖြစ်တယ်လို့ ဒေသခံလယ်သမားတစ်ဦးဖြစ်တဲ့ ကိုစိုးမင်းဦးက RFAကို ပြောပါတယ်။

"အုပ်ချုပ်ရေးမှုးနဲ့နယ်ထိန်းတင်မင်းဇော်က လာဖမ်းသွားတယ်။ဘာအမူမှန်း မသိဘဲ လာဖမ်းသွားပါတယ်။အခုကျတော့ ၄၄၇ နဲ့ ၄၂၇ (အ)နဲ့ဆွဲပါတယ်လို့ သူတို့က ပြောပါတယ်။ အခုတော့ ရုံးအချုပ်ခန်းကိုရောက်နေပါတယ်။ကျွန်တော်တို့က မရရတဲ့နည်းနဲ့ ပြန်ထုတ်ရပါတယ်။"

လယ်သမားတွေက ဒီနှစ် ဇွန်လဆန်းပိုင်းလောက်က လယ်ယာမြေတွေထဲမှာ ဝင်ရောက်တဲထိုးလို့ဆိုပြီး အခုမှ တရားလိုလုပ်ပြီး တိုင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

အဖမ်းခံထားရတဲ့ လယ်သမားတွေကတော့ အလန်းဖလွတ်ကျေးရွာက ဦးတင်အေး၊ ဦးခင်ဆွေ၊ ဦးအေးမြင့်၊ ဒေါ်ဖြူနဲ့ ဒေါ်တင်ဌေးတို့ အပါအဝင် လယ်သမား ၁၀ယောက်ဖြစ်တယ်လို့ သိရပါတယ်။

အခက်အခဲတွေကြားက ဘော်လီဘောမယ် (သို့ ) ချိုချိုဝင်း အောင်သုတ | အင်္ဂါနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၈ မိနစ်

အပြင်မှာ မိုးကတစ်ဝုန်းဝုန်းရွာနေသံကို သူမကြားနေရတယ်။ သူမရှိနေတဲ့ အားကစားရုံကြီးရဲ့ခေါင်မိုးကို တစ်ဖြောင်းဖြောင်း လာရိုက်နေသံကြောင့် နည်းပြဆရာရဲ့ စကားပြောသံကို မကြားတစ်ချက်ကြားတစ်ချက်။ ဒါပေမဲ့ သူမ အာရုံစိုက် နားထောင်ရင်း ဆရာရဲ့သင်ပြမှုတွေကို အာရုံစိုက်ထားလိုက်ပါတယ်။ ဆရာရဲ့ သင်ပြညွှန်ကြားမှုတွေ ခဏရပ်လိုက်ပြီး ကိုယ်တိုင်လေ့ကျင့်ခိုင်းပါတယ်။ မိုးသည်းလွန်းတာ ကြောင့် ခေါင်မိုးပေါ်က ယိုစိမ့်ကျလာတဲ့ မိုးရေတွေနဲ့ လွတ်တဲ့နေရာတစ်ခုကိုရွေးပြီး သူမဘောလုံးကို တစ်ဖုန်းဖုန်းပုတ်ရင်း လေ့ကျင့်နေလိုက်ပါတယ်။

မိသားစုထဲမှာ အငယ်ဆုံးသမီးအဖြစ် မွေးဖွားလာတဲ့ သူမကို အဖေနဲ့အမေက ချိုချိုဝင်းလို့ နာမည်ပေးခဲ့ပါတယ်။ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလမှာ မွေးခဲ့တာဆိုတော့ သူမအသက် ၂၇ နှစ်တောင် ပြည့်ရော့မယ်။ ငယ်ငယ်တုန်းတည်းက သူမဟာ လှုပ်လှုပ်ရှားရှား အားကစားတွေကို သဘောကျခဲ့သူပါ။ ငယ်ငယ်တုန်း ကတော့ သူမမှာ ဖြစ်ချင်တဲ့ဆန္ဒတွေ အများကြီးရှိခဲ့တာပေါ့။ ဒါပေမဲ့ သူမမွေးဖွားခဲ့ရာ တွံတေးမြို့နားက နယ်တွေမှာက အားကစားပွဲတွေကို သေသေချာချာ လုပ်တာ မဟုတ်ဘဲမြို့တွေမှာပဲ ကျကျနနလုပ်ကြတာဆိုတော့ သူမတို့လို နယ်မြို့သူတစ်ယောက်အနေနဲ့ အားကစား ဆိုတာ ဘာမှန်းတောင် သေချာသိခဲ့ တာ မဟုတ်ဘူးလေ။ ဒီလိုနဲ့ သူမ အသက် ၁၇ နှစ်အရွယ် ၂၀၀၃ ခုနှစ်မှာ ဘ၀ကို အလှည့်အပြောင်းဖြစ် စေမယ့် အကြောင်း ဖန်လာခဲ့ပါတယ်။ အဲဒီအကြောင်းတွေက ပြန်တွေးကြည့်တိုင်း သူမအတွက် ရင်ခုန် စရာအဖြစ်တွေအဖြစ် ရှိနေဆဲ။ သူမရဲ့ အနီးကပ်ဆရာတစ်ဦးဖြစ်တဲ့ ဆရာဦးစိန်သောင်းဆိုတာ သူမရဲ့ လက်ဦးဆရာ၊ မြေတောင်မြှောက်ပေးခဲ့သူ။ သူမအတွက် တကယ့်ကျေးဇူးရှင်တစ်ဦးပါပဲ။ ဆရာဦးစိန်သောင်း ဟာ သူမကို သားသမီးတစ်ဦးပမာ သဘောထားပြီး ဘော်လီဘောအားကစားနည်းကို သင်ပေးခဲ့ ပါတယ်။ ကျောင်းက သင်တဲ့ဆရာလည်းမဟုတ်၊ ၀န်ကြီးဌာနကဆရာလည်း မဟုတ်တဲ့ ဆရာဦးစိန်သောင်းဟာ သူမကို ဘော်လီဘော အားကစားနည်းကို စိတ်ဝင်စားအောင် သိမ်းသွင်းနိုင်ခဲ့သူ တစ်ဦးပါ။

သူမအတွက် ဒီကစားနည်းကို စတင် ကစားခါစမှာ အခက်အခဲတွေအများကြီးကြုံ ခဲ့ရပါတယ်။ မိသားစုက ခြောက်
ယောက်တောင် ရှိတာဆိုတော့ အိမ်ကလည်း အခက်အခဲတွေရှိတာကြောင့် ကျောင်းပညာရဲ့ ပြင်ပ ပညာဖြစ်တဲ့ ဒီအားကစားနည်းကို အိမ်ကလည်း သိပ်အားပေးချင်တာ မဟုတ်။ ဒါမေဲ့ ဘယ်လိုပဲဖြစ် ဖြစ် သူမ စိတ်ဝင်စားလာခဲ့တဲ့ ဒီကစားနည်းကို သူမစိတ်ရောကိုယ်ပါ နှစ်မြုပ်လေ့ကျင့် ကြိုးစားခဲ့ပါတယ်။ ညနေ ညနေတိုင်း ဆရာဦးစိန်သောင်း
ခေါ်သင်ပေးတဲ့ ဘော်လီဘောကစားနည်းနဲ့ ပတ်သက်တာတွေကို သေချာလိုက်နာ၊ ကြိုးစားခဲ့ရပါတယ်။

ဘော်လီဘောကစားနည်းဆိုတာ ဘော်လီဘောဘောလုံး၊ ဖိနပ်တွေဝတ်ပြီး ကစားရတယ်ဆိုတာသိလာခဲ့ပေမယ့် သူမအတွက် အခက်အခဲတွေ ရှိနေခဲ့ပါတယ်။ ကလပ်အသင်းတချို့က စွန့်ပစ်လိုက်တဲ့ ဘောလုံးအဟောင်းတွေကို သူမဘာသာ သူမဖာထေးရင်း လေ့ ကျင့်ခဲ့ရသလို ဖိနပ်ဖိုးက အိမ်ကလည်း ထောက်ပံ့ဖို့အခက်အခဲရှိတာမို့ ဆရာဦးစိန်သောင်းကပဲ စိုက် ၀ယ်ပေးလေ့ ရှိပါတယ်။ ၀တ်စုံတွေဆိုရင်လည်း သူများတွေဆီကအကျတွေကို ၀တ်ရတယ်။ ဒါပေမဲ့ သူမအတွက်က စိတ်ဓာတ်ကျစရာလို့ မထင်ဘဲ အကောင်းဆုံးကြိုးစားဖို့ တွန်းအားတွေလို့ပဲ မှတ်ယူထား ခဲ့ပါတယ်။ သူမမှာ ကျောင်းသားဘ၀မှာတုန်းက ပြန်တွေးကြည့်တိုင်း အခုအချိန်ထိ အမှတ်ရစရာလေးတွေ ရှိခဲ့ဖူးပါတယ်။ သူမ ဆယ်တန်းစာမေးပွဲ ဖြေနေတုန်းမှာ သူမကစားနေတဲ့ပြိုင်ပွဲကလည်း ရှိနေတယ်။ သူမအတွက် စာမေးပွဲပဲသွားဖြေရမလား။ ပွဲပဲသွားကစားရမလားဆိုတာ ဝေခွဲရခက်နေစေခဲ့ပါတယ်။ အိမ်ကလည်း ပွဲကိုသွားကစားခွင့်မပေးဘဲ စာမေးပွဲဖြေဖို့ပဲ တွန်းအားပေးနေခဲ့တာပေါ့။ နောက် ဆုံးတော့ သူမစိတ်ကို ခိုင်မြဲစွာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ စာမေးပွဲဖြေဖို့ သွားတဲ့လွယ်အိတ်ထဲမှာ အားကစားဝတ်စုံကိုထည့်ပြီး စာမေးပွဲခန်းထဲ အရောက်သွားခဲ့ပါတယ်။ စာမေးပွဲကို ဖြေတယ်ဆိုရုံ လောက်ဖြေပြီး ကစားပွဲဆီကို အမြန်သွားကာ မဖြစ်ဖြစ်အောင် ကစားခဲ့တာပေါ့။ သူမကို အဲဒီအချိန် တုန်းက ဘော်လီဘောကစားနည်းက ဆွဲဆောင်ထားပြီလေ။

အဲဒီလို ကြိုးစားရင်းကနေ ကျောင်းပွဲတွေ၊ အပြင်ပွဲတွေမှာ လိုက်ကစားရင်း သူမလက်စွမ်းတက်လာသလို ခံစားလာရပါတယ်။ ဆရာဦးစိန်သောင်းက သူမကို ၀န်ကြီးဌာန အသင်းတွေဆီ ပို့ပေးခဲ့ရာကနေ နောက်ပိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှာ ကစားခွင့်ရခဲ့ပြီး လက်ရွေးစင် ကစားသမားဘ၀ဆီ သူမ တက်လှမ်းလာခဲ့တာပါ။ကစားသမား ဘ၀တစ်လျှောက်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ သူမမှာ မရှိသေးပေမယ့် ငယ်စဉ်ဘ၀ ကစားခဲ့စဉ်တုန်းကဆိုရင် အကောင်းဆုံးဆုတွေအများကြီး ရခဲ့ဖူးသလို သူမမှာ အခုဆိုရင် ပြိုင်ပွဲကြီးတွေကို ကြံ့ကြံ့ခံနိုင်လောက်တဲ့ ဖိအားဒဏ်တွေ၊ အတွေ့အကြုံတွေ လုံလုံ လောက်လောက် ရှိနေပြီလေ။ သူမအတွက် လက်ရွေးစင် ကစားသမားတစ်ယောက်အဖြစ် ရပ်တည် နေနိုင်တယ်ဆိုတာကို ကျေနပ်တယ်ဆိုပေမယ့် အသင်းအတွက် နိုင်ပွဲတွေ၊ အောင်မြင်မှုတွေသာ ရယူ နိုင်ရင် ပိုပျော်ရပါတယ်။

ကစားသမားတစ်ယောက်ဘ၀ကို ရွေးချယ်လိုက်ပြီဆိုတာနဲ့ ဆောင်ရမယ့် အချက်တွေ၊ ရှောင်ရမယ့် အချက်တွေရှိလာပြီလို့ သူမကယူဆတယ်။ မကောင်းတဲ့ အမူအကျင့်တွေကို ရှောင်ပြီး အားစိုက်ကြိုးစားမယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာ ရရှိမယ်လို့ သူမကယုံကြည်တယ်။ အဓိက အချက်က ရည်မှန်းချက်ဖြစ်တယ်လို့ သူမက ယုံကြည်ထားပြီး အဲဒီရည်မှန်းချက်ကိုသာ နောက် ဆုံးအချိန်ထိ အားသွန်ခွန်စိုက်ကြိုးပမ်းသွားမယ်ဆိုရင် ဘယ်ကစားနည်းဖြစ်ဖြစ် အောင်မြင်မှုက ကြိုနေ မှာပဲလို့ သူမခံယူထားတယ်။

သူမတို့အတွက် ခက်ခဲတဲ့ အတားအဆီးတစ်ခုကတော့ ရှေ့မှာ ဆီးကြိုလို့နေပြီ။ ပြိုင်ဖက်တွေက ကိုယ့် ထက်သာတဲ့ အနေအထားမှာရှိနေတော့ သူမအနေနဲ့ အနည်းငယ်တော့ စိုးထိတ်နေမိတာပေါ့။ သူမတို့နဲ့ ပြိုင်ဖက်နိုင်ငံတွေက အရမ်းကွာခြားတယ်လို့ မဆိုနိုင်ရင်တော်တော်တော်လေးတော့ ကွာခြားတယ်ဆို တာ သူမသိနေတယ်။ အရင်တုန်းက ဆိုရင် မြန်မာ့ဘော်လီဘောက အရှေ့တောင်အာရှမှာ အဆင့်တစ်ခု ထိရှိတယ်ဆိုတာ အားလုံးသိခဲ့ပေမယ့် အခုအချိန် မှာတော့ သူများနိုင်ငံတွေထက် နောက်ကျကျန်နေခဲ့ တာကို သူမ အားမလိုအားမရ ဖြစ်မိတယ်။ သူမတို့ ရင်ဆိုင်နေရတာက ပြိုင်ပွဲတွေအတွက် လေ့ကျင့်မှု လုပ်မယ်ဆိုရင် ကွင်းမရှိတာနဲ့၊ ဘောလုံးမရှိတာနဲ့ အခက်အခဲ တချို့ပါပဲ။ လာမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် အားကစားဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုကလည်း အားရစရာရှိပြီး ဘော်လီဘော အဖွဲ့ချုပ် အနေနဲ့လည်း အကောင်းဆုံးလုပ်ဆောင်ပေးနေတယ်လို့ သူမက ဆိုတယ်။

ဘော်လီဘောအားကစားနည်းဆိုတာ တကယ်တော့ နာမည်ကြီးတဲ့ အားကစားနည်းတစ်ခု မဟုတ်ပါဘူး။ မြန်မာပြည်မှာဆိုရင် အမျိုးသမီး ဘော်လီဘောအသင်းကို အားပေးတဲ့သူ နည်းနည်းပဲရှိတယ်။ ဒါပေမဲ့ သူမတို့ တကယ် ယှဉ်ပြိုင်ရပြီဆိုတဲ့အခါမှာ အိမ်ရှင်ပရိသတ်တွေရဲ့အားပေးမှုတွေကို မျှော်လင့်မိ တာတော့ အမှန်ပဲပေါ့။ သူမ ရင်ထဲမှာ ပရိသတ်တွေလိုချင်တဲ့ ရွှေတံဆိပ်ကို အရယူချင်တဲ့စိတ်တွေ ကြီးစိုးနေလေရဲ့။


Mizzima - News in Burmese

"အခြေခံဥပဒေပြုပြင်ရေး လေ့လာချက် နှစ်မကုန်ခင် လွှတ်တော်ကို တင်ပြမည်" RFA Burmese


ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်ခင် လေ့လာ သုံးသပ်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြသွားမယ်လို့ ဒီနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားခဲ့ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးအေးမောက်က ကော်မတီရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို အခုလို လွှတ်တော်မှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ်။

"ပူးပေါင်းကော်မတီ၏ လေ့လာချက်များ၊တင်ပြချက်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခြင်းမရှိရသေးမှီ အပြင်သို့ ပေါက်ကြားခြင်းမရှိစေရန် လျို့ဝှက်အဆင့်သတ်မှတ် ထိန်းသိမ်းရှိရမည်။(ဈ)ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ဒီဇင်ဘာ ၃၁ ရက်မတိုင်မှီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်"

အဲ့ဒီကော်မတီရဲ့ ဦးတည်ချက် ၃ချက်၊ လုပ်ငန်းတာဝန် ၁၀ ချက်၊ လုပ်ပိုင်ခွင့် ၇ ချက်၊ လုပ်ထုံးလုပ်နည်း ၃ချက် နဲ့ ရပိုင်ခွင့် ၃ချက်ပါဝင်တဲ့ ကော်မတီရဲ့ လုပ်ငန်းသဘောတရားတွေကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ကော်မတီ အတွင်းအစုအဖွဲ့တွေ ဖွဲ့စည်းပြီး အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို အပိုင်းလိုက် လေ့လာသုံးသပ်ပြီး ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာ အပိုင်းလိုက် တင်သွင်းသွားမယ်လို့ ကော်မတီရဲ့အတွင်းရေးမှူး ဦးအေးမောက်ကပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ ပူးပေါင်း ကော်မတီအစည်းအဝေးက အတည်ပြုခဲ့တဲ့ ဒီအစီရင်ခံစာကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

"ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ဆန္ဒပြခေါင်းဆောင်နှစ်ဦးကို တရားစွဲ" RFA Burmese


ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ ၈ရက်နေ့က ဟံသာဝတီအဝိုင်းကနေ မြို့တော်ခန်းမအထိ ချီတက် လမ်းလျှောက်ခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ဒေါ်ဖြူဖြူဝင်းနဲ့ အလုပ်သမား အရေး ဆောင်ရွက်ပေးနေသူ ဦးဝင်းချိုတို့ကို စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈နဲ့ ဒီကနေ့ ကျောက်တံတားမြို့နယ်ရဲစခန်းက တရားစွဲလိုက်တယ်လို့ သိရပါတယ်။

မြို့နယ်တရားရုံးကို အမှုတင်လိုက်တာနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် စခန်းမှူးက အခုလို ပြောပါတယ်။

"ဒေါ်ဖြူဖြူဝင်းကို ပုဒ်မ ၁၈ နဲ့တရားရုံးတင်ထားတယ်။တရားရုံးက ရာကြီးအမှတ် (၃၀၂)နဲ့ လက်ခံထားတယ်။သူတို့က စီတန်းလှည့်လည်မူကို မလျှောက်တာ၊ခွင့်ပြုမိန့် မတောင်းတာပေါ့"

မြို့နယ် ၆ ခုကို လမ်းလျှောက်ချီတက်ခဲ့တာကြောင့် သက်ဆိုင်ရာရဲစခန်းတွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့်အဲဒီထဲမှာ ကျောက်တံတားမြို့နယ်ရဲစခန်းက အရင်ဆုံးတရားစွဲဆိုတာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ ၀င် ဒေါ်ဖြူဖြူဝင်းက RFA ကို ပြောပါတယ်။

"ငြိမ်းချမ်းစွာ စုဝေးလမ်းလျှောက်တာကို ခွင့်ပြုမိန့်မယူတာပေါ့။အဲဒီနေ့ကိုခြောက်မြို့နယ်ကို ဖြတ်တာဆိုတော့ ဒဂုံ၊လမ်းမတော်၊လသာ၊ပန်းဘဲတန်၊စမ်းချောင်း၊ကျောက်တံတားမြို့နယ်တွေကတော့ ကျွန်မတို့ကို စစ်ပြီးသွားပါပြီ။အခုက ကျောက်တံတားက အရင်စဆွဲပါတယ်။ရဲစခန်းကနေ တရားရုံးကို အမူတင်လိုက်ပါပြီ၊အမူစဆွဲနေပါပြီ"

အဲဒီအမှုကို ကျောက်တံတားမြို့နယ် ရဲစခန်းမှူး ဦးယုကြည်က တရားလိုအဖြစ်တရားစွဲဆိုတာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်တယ်လို့လည်းပြောပါတယ်။ အခုလောလောဆယ် သူတို့နှစ်ဦးကို ကိုယ်တိုင်ခံဝန်ချက်နဲ့ အာမခံပေးထားတယ် လို့ သိရပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ရာမှာ ဗမာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာကျောင်းသားဟောင်း များကွန်ရက်၊ အမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ (ရွှေပြည်သာ)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်အဖွဲ့စတဲ့အဖွဲ့ဝင်တွေ ပါဝင်ကြပေမယ့် တို့နှစ်ဦးကိုပဲ တရားစွဲဆိုတာဖြစ်တယ်လို့ သိရပါတယ်။

ပုဒ်မ ၁၈ အလိုမရှိကြောင်း ဆန္ဒပြ Mizzima - News in Burmese

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်မွန်းလွဲ ၂ နာရီခန့်က၊ ရန်ကုန်မြို့ မြေနီကုန်းမီးပွိုင့်တွင် နိုင်ငံရေး လှုပ်ရှားသူများအား ဖမ်းဆီး အရေးယူမှု အများဆုံး ဖြစ်သော ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်သည့် ပုဒ်မ ၁၈ ကို အလိုမရှိကြောင်းနှင့် အလုပ်သမားအရေး၊လယ်သမား အရေး၊ လူ့အခွင့်အရေးလှုပ်ရှားမှုတို့ကြောင့် ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြသူများ ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံရှေ့သို့ ရောက်ရှိစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) Generation Wave(GW)၊ အလုပ်သမား အဖွဲ့ အစည်းများနှင့် ပုဒ်မ ၁၈ ကို အလိုမရှိသူ ပြည်သူများ အယောက် ၅၀ ခန့်ပါဝင် ဆန္ဒပြခဲ့ကြသည်။

က.ည.န မှာ ကားနံပါတ်ပြားနဲ့ပတ်သက်ပြီး ပေါ်လစီနည်းနည်းပြောင်းတယ်


အရင်ကဆိုရင် ကားအသစ်တွေ နံပါတ်ပြားထုတ်ပေးပြီးမှ အခွန်ဆောင်ရတာ။

အခုကျတော့ က.ည.နအခွန်ဆောင်ပြီးတော့မှသာ ကားနံပါတ်ပြားတွေ ထုတ်ပေးမယ်လို့ သိရပါတယ်။
ကားအသစ်အတွက် နံပါတ်တော့ သတ်မှတ်ပေးမယ်၊ နံပါတ်ပြားကိုတော့ မပေးသေးဘူး။ ယာဉ်စစ်ချင်တယ်ဆိုလည်း ယာဉ်စစ်ခွင့်တော့ ပြုပါမယ်။

နံပါတ်ပြားကတော့ အခွန်ဆောင်ပြီးတဲ့ ချလံလေးပါမှ ထုတ်ယူခွင့်ပြုမယ်လို့ သိရပါတယ်။
6F/9500 ကနေ စတင်ပြီး ဒီပေါ်လစီအကျုံးဝင်ပါပြီ တဲ့ ...

အခုပဲ က.ည.နမှ ဖုန်းသတင်း ရရှိပါကြောင်း ...

ကိုထွဋ်ထိပ်

CM2
www.facebook.com/CarMarketInMyanmar
{ACL}

IT Computer Training Center

ဆီးရီးယား နိုင်ငံ ကို ၇၂ နာရီ အတွင်း လေကြောင်း ၊ ရေ ကြောင်း တိုက် ခိုက်မှု စတင် တော့ မည် Freedom News Group(Burma)


တိုမာဟောခ် ဒုံးကျဉ် လေးစင်း အား တစ် ပြိုင် နက် တည်း ပစ်လွှတ် နိုင်သည့် စစ်သင်္ဘောများ မြေထဲ ပင်လယ် အရှေ့ ဘက် ခြမ်း ကို ရောက် ရှိ ပြီး နောက် ဆီးရီးယား ကို အကန့်  အသတ် ရှိ သည့် စစ်ရေး အရေးယူမှု ရက် အနည်း ငယ် တွင်း စတင် တော့ မည် ဟု ပင်တဂွန် ထိပ်တန်း အရာရှိ များ က CNN သတင်း ကို ပြောသည်။

ရုရှား နိုင်ငံ က အမေရိကန် ၏ ဆီးရီးယား နိုင်ငံ ကိုတိုက် ခိုက် မှု ကို ဆန့် ကျင် ကန့် ကွက်သည်။

အမေရိကန် ၏ တိုက်ခိုက်မှု တွင် ဗြိတိန် နိုင်ငံ လည်း ပါဝင် မည် ဖြစ် ပြီး
ဂျော်ဒန် ရှိ အမေရိကန် လေတပ် စခန်း နှင့် ဆိုက် ပရပ်(စ) ရှိ ဗြိတိသျှ တပ်
စခန်းများကို အသုံး ပြု သွား မည် ဖြစ်သည်။

Photo Cred : Daily Mail

ပျူနယ်မြေများ ပြင်ဆင်ထိန်းသိမ်းမှု အောက်တိုဘာလတွင် ပြီးမည် ပြည်၊ သြဂုတ် ၂၆ The Voice Weekly


ယူနက်စကို၏ အသိအမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းနေသော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျုမြို့ဟောင်း နယ်မြေများကို ယခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် အပြီးသတ် ပြင်ဆင်ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေ သန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားသည်။

ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျုမြို့ဟောင်းသုံးခု ကို အောက်တိုဘာလ နောက်ဆုံးပတ်တွင် ယူနက်စကိုက တရားဝင် လာရောက် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လတွင် ကျင်းပမည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှု ကော်မတီ ညီလာခံတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်၊ မဝင် အဖြေထွက်ရှိမည် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အစိုးရက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ပိုမို ချထားပေးမှုများ၊ ယူနက်စကို၏ ငွေကြေး ထောက်ပံ့မှုများကြောင့် ဌာနရှိဝန်ထမ်းများကို ထိန်းသိမ်းရေး နည်းပညာသင်တန်းများ ပေးခဲ့ပြီး ဝန်ထမ်း အင်အားကိုလည်း ဖြည့်တင်းခဲ့ကြောင်း ၎င်းကဆိုသည်။

“ပြတိုက်တွေနားမှာ ရဲကင်းတွေ လုပ်ထားတယ်။ ပြတိုက်လုံခြုံရေးလည်း ရှိတယ်။ ဒီဒေသတွေက ငြိမ်းချမ်းပါတယ်။ စကားပြန်အတွက်လည်း လိုအပ်ရင် ရှေးဟောင်း သုတေသန နည်းပညာကျောင်းက ကထိက၊ လက်ထောက် ကထိကတွေ လိုက်ရှင်းပြပေးမှာပါ။ လက်ကမ်းစာစောင်တွေ ကိုလည်း အင်္ဂလိပ်လို ရေးထားတယ်” ဟု ၎င်းက ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအတွက် စီစဉ်ထားမှုကို ပြောဆိုသည်။

သရေခေတ္တရာ ပျူမြို့ဟောင်းတွင် ဒေသခံများ၏ စိတ်ဝင်စားမှု ပိုမိုရရှိစေရန် သရေခေတ္တရာ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပြီး ကျောင်းသား လူငယ်များနှင့် စိတ်ဝင်စားသူများကို သရေခေတ္တရာ ပျူမြို့ဟောင်းသို့ လေ့လာရေးခရီးအဖြစ် ပို့ဆောင်ပေးရန် ကြိုးစားစီစဉ်လျက် ရှိကြောင်း ဦးကျော်သူစိုး (ရွှေဘုန်းပွင့် စာကြည့်တိုက် တွဲဖက်အတွင်းရေးမှူး) က ပြောဆိုသည်။

ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းတို့တွင် ဟန်လင်းနှင့် ဗိဿနိုးမြို့သည် အေဒီ ၁ ရာစုခန့်က အစောဆုံး ပေါ်ထွန်းခဲ့သော်လည်း အေဒီ ၅ ရာစုခန့်က ပေါ်ပေါက်ခဲ့သည့် သရေခေတ္တ မြို့ဟောင်းမှာ အဖွံ့ဖြိုးဆုံးဖြစ်ကာ ထေရဝါဒ၊ မဟာယာန ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့ ပေါ်ထွန်းခဲ့သည်ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

နာရေးပို့ပြီး အပြန် ယာဉ် တိမ်းမှောက်ရာမှ တစ်ဦး သေ၊ ၁၃ ဦး ဒဏ်ရာရ 27/8/2013

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဖျောက်ဆိတ်ကုန်း ကျေးရွာအနီး စွယ်တော်ဘုရား အမှတ်(၂) ယန္တရား တပ်ရင်းနားတွင် သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က တောင်အင်း မြောက်အင်း သုသာန်သို့ နာရေး ပို့ဆောင်ပြီး အပြန်တွင် နာရေး ပို့ဆောင်သည့် မော်တော်ယာဉ် တိမ်းမှောက်၍ လူတစ်ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မန္တလေး ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းမော်တော်ယာဉ်သည် နာရေးပို့ပြီး အပြန်တွင် ကားစတီယာရင် ခါယမ်းသွားပြီး လမ်းဘေးရှိ စာသင်ကျောင်း တစ်ကျောင်းထဲသို့ ထိုးဝင်သွား ကာ ယာဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တိမ်းမှောက်သည့် ယာဉ် မောင်းနှင်သူက ပြောဆိုသည်။

“စတီယာရင်က ခါပြီး ယမ်းသွားတယ်။ ဘရိတ် အုပ်လိုက်လို့ သက်သာသွား တာ။ ကားက လိုက်ထရပ် ကားပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူ ၁၁ ဦးမှာ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသလျက် ရှိပြီး နှစ်ဦးမှာ အရေးပေါ် ဌာနတွင် ဆက်လက် ကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း ယင်းဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“နာရေးပို့ပြီး အပြန်မှာ မှောက်တာပါ။ လောလောဆယ်တော့ ခေါင်းတွေ အရမ်း မူးနေတယ်။ တစ်ယောက် သေသွားတယ်လို့ သိရတယ်” ဟု အဆိုပါ နာရေး လိုက်လံ ပို့ဆောင်သူ တစ်ဦး၏ လူနာရှင်က ပြောကြားသည်။

The Voice Weekly

သူငယ်ချင်းတို့ အမြန် share ပေးကြပါဦး မြန်မာအမျိုးကောင်းသမီးတွေ ဘေးကင်းကြပါစေ Ko Kyaw

သူငယ်ချင်းတို့ အမြန် share ပေးကြပါဦး
မြန်မာအမျိုးကောင်းသမီးတွေ ဘေးကင်းကြပါစေ