Saturday, August 10, 2013

လေလွင့် စိတ်ဝေဒနာရှင်များကို မန်းစည်ပင်ဆေးရုံ ပို့ဆောင်ပေးမည် 10.8.2013

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနသည် အုပ်ထိန်းသူမရှိဘဲ လမ်းများပေါ်တွင် သွားလာနေသည့် စိတ်ရောဂါသည် ဝေဒနာရှင်များကို ကားဖြင့်ခေါ်ဆောင်ကာ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ပေးကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“လမ်းပေါ်မှာ လျှောက်သွားပြီး သောင်းကျန်းနေတဲ့ စိတ်ဝေဒနာရှင်တွေကို ဦးတို့ဆီက ဝန်ထမ်းတွေက ဖမ်းတယ်။ ဆွေမျိုးသားချင်းရှိ မရှိ စုံစမ်းတယ်။ မရှိရင် စိတ်ကျန်းမာရေးဆေးရုံကို ပို့တယ်။ ရှိရင်တော့ခေါ်ပြီး ထိန်းသိမ်းဖို့ ပြောလိုက်တယ်” ဟု ၎င်းကဆိုသည်။

သန့်ရှင်းရေးဌာနအနေဖြင့် လမ်းဘေးတွင် အများပြည်သူများ အနှောင့်အယှက်ဖြစ်သည့် စိတ်ဝေဒနာရှင်များသာမက ရပ်ကွက်နေ ပြည်သူများက တိုင်ကြားသည့် စိတ်ဝေဒနာရှင်များကိုလည်း ဖမ်းဆီးကာ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ပေးကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

“ရပ်ကွက်မှာ စိတ်ဝေဒနာသည်က သောင်းကျန်းနေလို့ ထိန်းသိမ်းပေးပါဆိုပြီး ဖုန်းဆက်အကြောင်းကြားတာမျိုး ရှိရင်လည်း သွားပြီးတော့ ဖမ်းပေးတယ်။ ဖမ်းပေးရတာက မခက်ဘူး။ ခက်တာက ဆေးရုံကလည်း လူများရင် လက်မခံနိုင်ဘူး။ ထောက်ပံ့မယ့်သူရှိမှ လက်ခံမယ်ဆိုတာမျိုးတော့ ရှိတယ်” ဟု ၎င်းကဆိုသည်။

အုပ်ထိန်းသူ ရှိသော်လည်း ရပ်ကွက်အတွင်း အများပြည်သူ စိတ်အနှောင့်အယှက် ပေးနေသည့် စိတ်ဝေဒနာရှင်များ ရှိနေပါကလည်း အုပ်ထိန်းသူကို သတိပေးမှုများ ပြုလုပ်ပေးကြောင်း ၎င်းက ပြောကြားသည်။

“စည်ပင်ကနေ ဆေးရုံကိုလူနာတွေ လာပို့တဲ့အခါ လူနာဟာ စိတ်ဝေဒနာရှင် ဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထား တစ်ခုခုပါရင်ပေါ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာလိုမျိုး၊ ရဲစခန်းက ထောက်ခံစာလိုမျိုး ပါလာခဲ့ရင်တော့ လက်ခံပေးပါတယ်” ဟု မန္တလေး စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီးမှ တာဝန်ကျ သူနာပြုဆရာမတစ်ဦးက ဆိုသည်။

လက်ရှိစာရင်းများအရ စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် အတွင်းလူနာ ၈၇ ဦး ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ကျွန်မတို့ ရပ်ကွက်ထဲမှာကို အရမ်းသောင်းကျန်းတဲ့ အရူးတစ်ယောက်ရှိတယ်။ တွေ့သမျှလူကို လိုက်ပြီး ရန်ရှာနေတတ်လို့ ကျွန်မမြေးလေးတွေကို သူလာရင် အပြင်မထွက်ခိုင်းရဲဘူး။ တိုင်ချင်တာ ဘယ်တိုင်ရမလဲ မသိလို့။ စည်ပင်ကို တိုင်လို့ရတယ်ဆိုတာ မသိဘူး။ လာဖမ်းပေးရင် ကောင်းမှာပဲ” ဟု မန္တလေး မင်းတဲအီကင်း ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment