Sunday, August 4, 2013

ဖက်ဒရယ်အရေး၊ တန်းတူအခွင့်အရေး၊ ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေ အပါအ၀င် ရခိုင်ပြည်နယ် အနာဂတ်အရေး ရန်ကုန်မြို့၌ ဆွေးနွေး 4.8.2013

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ တန်းတူအခွင့်အရေး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အသစ်ဖွဲ့စည်းခဲ့သော ရခိုင်အမျိုးသား ပါတီ၏ အခြေအနေ အပါအ၀င် ရခိုင်ပြည်နယ်၏ အနာဂတ် အခြေအနေများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ်လ ၃ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါပွဲသို့ ရခိုင်နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၏ ကြုံတွေ့နေရသော ပြဿနာများဖြစ်သည့် ရခိုင်လူဦးရေ နည်းပါးလာခြင်း၊ ဘင်္ဂါလီလူဦးရေ တိုးပွားလာခြင်း၊ သဘာဝ အရင်းအမြစ်များ၏ အကျိုးရလဒ်များ မခံစားရခြင်းတို့နှင့်လည်း ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် White Card ဖြင့် နေထိုင်နေကြခြင်းမှာလည်း ရခိုင်တစ်မျိုးသားလုံး သာမက မြန်မာတစ်နိုင်ငံလုံး၏ အချုပ်အခြာအာဏာကို ထိပါးလာနိုင်ကြောင်း၊ ထို့ကြောင့် White Card ထုတ်ပေးခြင်းနှင့် White Card ဖြင့် နေထိုင်ခြင်းကို လုံးဝကန့်ကွက်ပါကြောင်း တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြသည်။

"White Card ကို အသုံးပြုခွင့် ပေးထားတာဟာ နိုင်ငံရေးလက်နက် တစ်ခုလို့ မြင်ပါတယ်" ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ဆိုပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (RNP) အနေဖြင့် ပါတီကြီးနှစ်ခုအား ယှဉ်ပြိုင်ရမည့် အခြေအနေနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးဦးလှစောက "အဓိကက ကျွန်တော်တို့ဆီမှာ ဘဏ္ဍာရေး ပြဿနာပါပဲ။ နောက် ပါတီကြီးနှစ်ပါတီကို ဘယ်လိုယှဉ်ပြိုင်မယ့် မဟာဗျူဟာ တိတိကျကျ မရှိသေးပါဘူး။ ကျွန်တော်တို့ အခုအသစ်ဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသားပါတီ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ကိုတော့ ရခိုင်လူထုကိုပဲ အားကိုးရမှာပါ၊ ရခိုင်အမျိုးသား ပါတီအနေနဲ့ ခိုင်မာတဲ့ မူဝါဒတစ်ရပ် ချမှတ်နိုင်ဖို့အတွက် လူထုသဘောထား ကောက်ခံသွားမှာ ဖြစ်ပါတယ်" ဟု ပြောပါသည်။

ထို့ပြင် အစိုးရ ၀န်ထမ်းများကိုလည်း မဲပေးနည်းပညာပေးရန် လိုအပ်ကြောင်း ဥပဒေပညာရှင် Youth Legal Clinic မှ ညွှန်ကြားရေးမှူး ဒေါ်လှလှရီက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော ဇယားနှစ်နှင့် ဇယားငါးတို့ကို ပြင်ဆင်ပေးနိုင်မှသာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဖက်ဒရယ် မပီသကြောင်း၊ ဒီမိုကရေစီ နည်းကျစေရန် ပြင်ဆင်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်၏ အနာဂတ်သည် ရခိုင်လူငယ်များအပေါ် မီတည်နေသောကြောင့် ရခိုင်လူငယ်များကို အရည်အချင်း ရှိစေရန် ဆောင်ရွက်ရန်အတွက်လည်း ဆွေးနွေးခဲ့ကြသည်။

ယခုဆွေးနွေးကို ရခိုင်နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်သည့် အသိပညာများ တိုးပွားလာစေရန်၊ ရခိုင်နိုင်ငံရေးနှင့် ပတ်သက်၍ ရှုထောင့်ပေါင်းစုံမှ အတွေးအမြင်များအား ဖလှယ်နိုင်ရန်၊ ထိုကဲ့သို့ အတွေးအမြင်များကို ဖလှယ်နိုင်မည့် Platform တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment