Saturday, August 10, 2013

တရုတ် ပို့ကုန်နှင့် သွင်းကုန် ပမာဏ ထင်မှတ်ထားသည်ထက် ပိုမို မြင့်တက် ဘေဂျင်း၊ သြဂုတ် ၈


တရုတ် ပို့ကုန်နှင့် သွင်းကုန်ကဏ္ဍ တိုးတက်မှုသည် ဇူလိုင်လအတွင်းက ထင်မှတ်ထားသည်ထက် ပိုမို တိုးတက်ခဲ့ပြီး ရှေ့ယခင် လများက စီးပွားရေး တုံ့ဆိုင်းခဲ့မှုမှ ဆောလျင်စွာ ပြန်လည်နာလန်ထူလာခြင်း ဖြစ်ကြောင်း BBC ဘဏ္ဍာရေး သတင်းတစ်ရပ်က ဖော်ပြထားသည်။

တရုတ် ပို့ကုန် ကဏ္ဍသည် ၅ ဒသမ ၁ ရာခိုင်နူန်းအထိ တိုးတက်လာခဲ့ပြီး သွင်းကုန် ပမာဏမှာလည်း ၁၀ ဒသမ ၉ ရာခိုင်နူန်းအထိ တိုးတက်လာခဲ့ သည်ဟု ယင်းသတင်းက ဖော်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပို့ကုန် တင်ပို့နူန်းသည် ဇွန်လအတွင်းက ၃ ဒသမ ၁ ရာခိုင်နူန်း ကျဆင်း ခဲ့ပြီး၊ သွင်းကုန်သည်လည်း ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ၊ ဇူလိုင်လသို့ ရောက်သော် အထက် ဖော်ပြပါအတိုင်း တိုးမြင့်မှုများ ရှိလာသဖြင့် ခုန်ပြီး နာလန်ထူလာသည်ဟု ဆိုနိုင်ပေမည်။

ယခုနှစ် ဒုတိယ သုံးလပတ်အတွင်း စီးပွားရေး တိုးတက်မှု နှုန်း သည် နှေးကွေးခဲ့သော်လည်း ပြီးခဲ့သည့် လပိုင်းက တရုတ် စီးပွားရေးသည် ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက် ကြီးထွားလာစေရမည်ဟု အစိုးရက ထပ်လောင်း ပြောကြားထားသည်။

ဇွန်လအတွင်းမှ ကုန်သွယ်မှု ပိုငွေ ကွာဟချက်သည် ၂၇ ဒသမ ၁ ဘီလီယံ ဒေါ်လာတန်ဖိုး ရှိခဲ့ရာမှ ဇူလိုင်လသို့ ရောက်သော် အဆိုပါ ကွာဟချက်သည် ၁၇ ဒသမ ၈ ဘီလီယံ ဒေါ်လာသို့ ကျဆင်းသွား ခဲ့သည်။

တစ်လတာအတွင်း တရုတ် ပို့ကုန် သွင်းကုန်ကဏ္ဍ တိုးတက်မှုသည် အံ့အားသင့်ဖွယ် ကောင်းလောက် အောင်ပင် ကောင်းမွန်ခဲ့သော်လည်း အဆိုပါ စီးပွားရေး အခင်းအကျင်းကို အလွန်အကျွံ အကောင်း မမြင်ရန် လိုအပ်ကြောင်း စီးပွားရေး လေ့လာ သုံးသပ်သူများက ဆိုကြသည်။

“အားပျော့ခဲ့တဲ့ ဇွန်လ ကုန်သွားတဲ့နောက် သိပ်ပြီး ကျေနပ်လောက်ဖွယ်ကြီး မဟုတ်တဲ့ ဇူလိုင်လမှာ အခြေအနေတွေ ပုံမှန် ပြန်ဖြစ်ခဲ့တာသာဖြစ်ပြီး စီးပွားရေး တိုးတက် ကြီးထွားမှု အရှိန်ရလာတာမျိုး တော့ မဟုတ်သေးပါဘူး” ဟု Moody's Analytics ဈေးကွက် လေ့လာရေးမှ ပညာရှင် အလစ္စတာ ချန်းက ပြောကြားသည်။

“အဆိုးဆုံး အခြေအနေက ပြီးခဲ့တဲ့ပုံပါပဲ။ ဦးမော့လာခြင်းကတော့ နည်းနဲ အားပျော့နေပါသေးတယ်” ဟု ၎င်းက သတိပေးထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းမှ ပို့ကုန်ကဏ္ဍ ကျဆင်းသွားခြင်းမှာ ၁၇ လအတွင်း ပထမဦးဆုံးအကြိမ် ပို့ကုန် ကျဆင်းခြင်း ဖြစ်ပေသည်။

၂၀၁၂ ခုနှစ်တွင် တရုတ် စီးပွားရေး တိုးတက်မှုသည် ၇ ဒသမ ၈ ရာခိုင်နူန်း ရှိခဲ့ပြီး ယင်းတိုးတက်မှု နှုန်းသည် ၁၉၉၉ နောက်ပိုင်း ကာလများအတွင်း အနှေးကွေးဆုံး ဖြစ်ပေသည်။

No comments:

Post a Comment