Tuesday, August 20, 2013

မီးဘေးဒုက္ခသည် ၂၀၀ ကျော် ထောက်ပံ့ငွေများ လိုအပ်ဟုဆို ရန်ကုန်၊ သြဂုတ် ၁၉


မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက် မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ၂၀၀ ကျော်တို့ နေထိုင်ရေးအတွက် ထောက်ပံ့ငွေများနှင့် ကျောင်း သား ကျောင်းသူများ အတွက် စာရေးကိရိယာ၊ ကျောင်းဝတ်စုံ လိုအပ်လျက် ရှိကြောင်း မရမ်းကုန်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က The Voice သို့ ပြောကြားသည်။

မီးဘေးသင့်ဒုက္ခသည် ၂၅၅ ဦးခန့်အတွက် စားသောက်မှု၊ အဝတ်အထည်များ အဆင်ပြေသော်လည်း နေထိုင်ပြောင်းရွှေ့ရန် ထောက်ပံ့ငွေနှင့် မီးဘေးဒုက္ခသည်များထဲမှ မူလတန်းကြိုမှ တက္ကသိုလ်ကျောင်းသားများ အပါအဝင် ကျောင်းသားကျောင်းသူ ၄၅ ဦးအတွက် စာရေးကိရိယာ၊ လွယ်အိတ်၊ ကျောင်းဝတ်စုံများလည်း လိုအပ်ကြောင်း မီးဘေးဒုက္ခသည်များကို ကူညီပေးနေသည့် ပြန်လည် နေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီဝင် မရမ်းကုန်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က ပြောကြားသည်။

မီးဘေးသင့် ဒုက္ခသည်အများစုသည် အိမ်ငှားရမ်း နေထိုင် သူများ ဖြစ်ခြင်းကြောင့် ထောက်ပံ့ငွေများ ပေးအပ်နိုင်ပါက အခြားနေရာတွင် ငှားရမ်းနေထိုင်နိုင်ရန် အဆင်ပြေနိုင်ပြီး အိမ်ပိုင်ရှင်များ ပြန်လည် ဆောက် လုပ်ရန် အထောက်အပံ့ ဖြစ်နိုင်ကြောင်း အဆိုပါ မီးဘေးဒုက္ခသည်များ အတွက် ကူညီပေးသည့် အထောက်အကူပြု ကော်မတီဝင် ဦးဝင်းနိုင်က ပြောကြားသည်။

“ငှားနေတဲ့ အိမ်ပါပါသွားတော့ အိမ်တစ်လုံးပြန်ငှားဖို့က ငွေလည်းမရှိဘူး၊ ဝါတွင်းကာလဆိုတော့ မလွယ်ဘူး” ဟု အဆိုပါမီးဘေးသင့် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မီးဘေးဒုက္ခသည်များကို အမှတ် (၈) ရပ်ကွက် ရေကူး ဘူတာရုံလမ်းရှိ လောကသစ္စာဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး အလှူငွေပစ္စည်း ဖြန့်ဝေရေးကော်မတီ၊ ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ၊ လုံခြုံရေးကော်မတီ၊ ကျန်းမာရေး ကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ အထောက်အကူပြု ကော်မတီ အပါအဝင် ရပ်မိရပ်ဖ၊ လွှတ်တော်ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့ဝင်၊ ကြက်ခြေနီ၊ အရန်မီးသတ်၊ ပါတီအဖွဲ့အစည်းတို့မှ လူ ၄၈ ဦး ပါဝင်သော ကော်မတီပေါင်း ခြောက်ခုဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

“ဖြစ်တဲ့နေ့က အသက်လုပြီး ခုန်ဆင်းကြတော့ ဘာပစ္စည်းမှ မပါကြတော့ဘူး။ ထောက်ပံ့ငွေတော လိုတယ်။ ဒါမှ သူတို့လည်း အိမ်ငှားနေလို့ရမှာ” ဟု အဆိုပါ ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက ပြောကြား သည်။

လက်ရှိ ကယ်ဆယ်ရေးစခန်းတွင် ဒုက္ခသည် ၈၀ ကျော်သာ နေထိုင်ပြီး အချို့မှာ ဆွေမျိုးများ၊ အလုပ်လုပ်ကိုင်သည့် နေရာများတွင် နေထိုင်လျက် ရှိကြောင်း အဆိုပါ ရပ်ကွက်နေသူများထံမှ သိရှိရသည်။

အဆိုပါ မီးလောင်မှုသည် မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက် မြစံပါယ်လမ်းတွင် သြဂုတ်လ ၁၇ ရက် နံနက်အစောပိုင်း (၁ နာရီမထိုးမီ ၄၅ မိနစ်အလို) က မီးစတင်လောင်ကျွမ်းခဲ့ရာ အိမ် ၂၂ လုံး မီးလောင်ဆုံးရှုံးပြီး လူ ၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

ထောက်ပံ့ငွေ လှူဒါန်းလိုသူများအနေနှင့် မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကြည် ဖုန်း-၀၉ ၅၅၀၁၈၃၈ ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment