Thursday, August 8, 2013

မန်းလေးအိမ်ရာစီမံကိန်း ဖော်ဆောင်မည့် မြရည်နန္ဒာရပ်ကွက် မြေဈေးနှုန်းများကောင်း အရောင်းအ၀ယ်ဖြစ်


မန္တလေးမြို့တွင်ပြုလုပ်မည့် တန်ဖိုးမျှ အိမ်ရာစီမံကိန်းကြောင့် မြရည်နန္ဒာရပ်ကွက်တွင် မြေကွက်ဈေးနှုန်းများ ရာဂဏန်းအထိ ရောက်ရှိလာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်သည် တန်းဖိုးမျှအိမ်ရာစီမံကိန်း အနီးဝန်းကျင်တွင် တည်ရှိသောကြောင့် နောင်တွင် ဈေးကွက်အလားအလာ
ကောင်းမွန်လာနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံလိုသူများပြား လာခြင်းနှင့် လူနေသိပ်သည်းမှုများကြောင့်ယခုကဲ့သို့ ဈေးကွက်အနေအထားများ
ကောင်းမွန်လာခြင်း ဖြစ်သည်ဟု သိရသည်။

“မြရည်နန္ဒာမှာ တစ်နေ့ကိုလေးငါးဆယ်ကွက်လောက် အရောင်းအ၀ယ်ဖြစ်ပါတယ်၊ မြို့သစ်ပိုင်းက အိမ်ရာစီမံ ကိန်းနားမှာတော့ မြေကွက်ဈေးက တော်တော်လေးလှုပ်ပါတယ်။ ဈေးနှုန်းကလည်း ပေ ၄၀×၆၀ တစ်ကွက်ကို ကျပ်သိန်း ၇၀၀ ကျော်ကနေ ကျပ်သိန်း ၁၅၀၀ အတွင်းရှိပါတယ်”ဟု ဖိုးလမင်း အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ငန်းမှ ကိုဝဏ္ဏစိုးက ပြောသည်။

အိမ်ရာစီမံကိန်းဝန်းကျင်ဖြစ်သည့် မြရည်နန္ဒာရပ်ကွက် မမ-၆ အနီး ၄၉ လမ်း၊ ဂန္ဓမာလမ်း ၀န်းကျင်ရှိ မြေကွက် များတွင် ပေ ၄၀×ပေ၆၀ တစ်ကွက်လျင် ကျပ်သိန်း ၇၅၀မှ ကျပ်သိန်း၁၅၀၀ အထိဈေးနှုန်းရှိကြောင်း၊ မြေနေရာ အနေအထား မကောင်းမွန်သော နေရာများတွင် ကျပ်သိန်းသုံးရာဝန်းကျင် ပေါက်ဈေးရှိကြောင်း၊ ပွဲစားများ အပြိုင်အဆိုင်ဝယ်ယူမှုများကြောင့် သတ်မှတ်ပေါက်ဈေးထက် ပိုသောနေရာများလည်း ရှိကြောင်းသိရသည်။
“ဈေးကွက်ကောင်းတယ်၊ ဒါပေမယ့် တစ်အားကြီးတော့ အမြင့်ပိုင်းမရောက်သေးပါဘူး။မြေကွက်အနေအထား ကောင်းတာကရှားတော့ နည်းနည်းဈေးနှုန်း မြင့်သွားတာတွေ ရှိပါတယ်။အဓိကကတော့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပွဲစားတွေက ဈေးကစားတာကြောင့်လည်း အခုလိုမြင့်တက်နေတာ ဖြစ်နိုင်ပါ တယ်”ဟု အိမ်ခြံမြေ ၀ါရင့်ပွဲစား တစ်ဦးက ပြောသည်။

လက်ရှိအရောင်းအ၀ယ် ဖြစ်သောနေရာများမှာ လူနေထိုင်သည့် အကွက်များမဟုတ်ဘဲ မြေကွက်အလွတ်များ ဖြစ်ပြီး တန်ဖိုးမျှအိမ်ရာစီမံကိန်း တည်ဆောက်မည့် အလားလာကိုမျှော်မှန်းကာ ရင်းနှီးမြှုပ်နှံလိုသူများက ၀ယ်ယူမှုများ ပြုလုပ်ခြင်းကြောင့် ယခုကဲ့သို့ ဈေးကွက်အနေအထား ကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမြေနေရာတွင် တည်ဆောက်မည့် တန်ဖိုးမျှအိမ်ရာစီမံကိန်းအား နေပြည်တော်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနသို့တင်ပြခဲ့ပြီးဖြစ်ကြောင်း ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြရန်စီစဉ်လျက်ရှိကာ အခြေခံလူတန်းစားများ ၀ယ်ယူနိုင်မည့်ပမာဏကို ချိန်ညှိပြီး လူနေအိမ်ခန်းများရောင်းချပေးနိုင်ရန်စီစဉ်သွား မည်ဟုလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနကသိရ သည်။
မင်းခန့် (မြစ်မခ) /မြန်မာခရိုနီကယ်

No comments:

Post a Comment