Tuesday, August 20, 2013

မကွေးတိုင်း ညောင်တွင်းကျေးရွာတွင် ကလေးငယ် ၄၀ ခန့် ဖျားနာသောကြောင့် စစ်ဆေး ကလေးငယ်များ အပါအ၀င် ရွာသားတစ်ရာခန့် ဖျားနာနေ


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အနောက် ညောင်တွင်းကျေးရွာတွင် ကျောင်းနေအရွယ် ကလေးဦးရေ ၄၀ ခန့် ဖျားနာမှုများဖြစ်ပွားသောကြောင့် ကျန်းမာရေး စစ်ဆေးပေးခဲ့ရကြောင်း ညောင်တွင်းကျေးရွာ ကျန်းမာရေးဋ္ဌာနခွဲမှ သူနာပြုဆရာမ ဒေါ်ယုဇာနွယ်ဦးက မဇ္ဈိမသို့ ပြောသည်။

မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများသောကြောင့် ဒေသခံ မိဘများက သွေးလွန်တုပ်ကွေးဖြစ်သည် ဟု သံသယရှိသော်လည်း ကျန်းမာရေး ဌာနကမူ ရိုးရိုးအဖျားရောဂါသာဖြစ်ပြီး သွေးလွန်တုပ်ကွေး မဟုတ်ကြောင်းပြောသည်။

သူနာပြုဆရာမဒေါ်ယုဇာနွယ်ဦးက “ညောင်တွင်း အခြေခံပညာအလယ်တန်းကျောင်းက ကျောင်းသားတွေ အဖျားဖြစ်နေကြတယ်ဆိုတော့ ကျောင်းက ဆရာမတွေ ကျောင်းသား ၄၀ ခန့် ခေါ်ပြီး မနေ့က ကျန်းမာရေးစစ်ခဲ့ တာပါ။ ရာသီဥတုကြောင့် အပူကြီးပြီး ဖျားကြ တာပါ။ ကျောင်းသားတွေအပြင် အခြားနေမကောင်းဖြစ်တဲ့ သူတွေလည်း လာရောက်ဆေးစစ် မှု ခံယူခဲ့တယ်” ဟု ဆိုသည် ။

ညောင်တွင်းကျေးရွာတွင် ကျောင်းနေအရွယ် ကလေးငယ်များ နှင့် လူကြီး၊ လူငယ် ၁၀၀ကျော်ခန့် ယခုရက်ပိုင်း အတွင်း ဖျားနာနေပြီး မိုးရာသီဖြစ်ခြင်း၊ ခြင်ပေါများခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါဟု ယူဆမိကြောင်းညောင်တွင်းကျေးရွာ ဒေသခံများက ဆိုကြသည် ။

မြိုင်ကျေးရွာဒေသခံ ဦးအောင်ဝင်းက “ကလေးတွေမှာ အများဆုံးဖြစ်ကြတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးလား ဆိုပြီး သံသယဖြစ်မိတယ်။ ကျေးရွာဆိုတော့ ခြင်တွေ ဘာတွေ ပေါတယ်။ ရေကတော့ အ၀ီစိတွင်း ရေသုံးပါတယ်။ရေကြောင့် လို့တော့ ဖြစ်မယ်မထင်ဘူး” ဟု ဆိုသည် ။

ကလေးများကို ဆေးစစ်ကြည့်ရာတွင် သွေးလွန် တုပ်ကွေးရောဂါ လက္ခဏာများကို မတွေ့ရကြောင်းလည်း ဒေါ်ယုဇာနွယ်ဦးက “ကလေးတွေမှာ သွေးလွန် တုပ်ကွေး ရောဂါ လက္ခဏာဖြစ်တဲ့ အနီစက်တွေ၊ အော့အန်တာတွေ မတွေ့ရပါဘူး။ ရာသီဖျားလို့ပဲ ပြောရမယ်။ လူတိုင်းဖျားနေကြတဲ့အတွက် သြဂုတ်လ ၁၈ ရက်မှာ ကလေးငယ် ၄၀ ကျော်နဲ့ ရွာသား စုစုပေါင်း ၁၀၀ခန့်ကို အခမဲ့ဆေးစစ်တယ်။ အဖျားပျောက်ဆေးတွေ ပေးပြီး၊ မသက်သာရင် ပြန်လာပြဖို့ ပြောထားတယ်။ ဒီအခြေနေတွေကို မြို့နယ်ကျန်းမာရေးဋ္ဌာနကို တင်ပြပြီးဆွေးနွေးသွားမှာပါ””ဟု ဆိုသည်။

ပြည်တွင်းတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါနေရာ တော်တော်များများတွင် ဖြစ်ပွားနေပြီး အချို့နေရာများတွင် သေဆုံးသည်အထိ ဖြစ်ပွားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာတို့တွင် အများဆုံး ဖြစ်ပွားသည်ဟု ကျန်းမာရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက်္ခဒေါက်တာဖေသက်ခင်က ယခုနှစ် ဇွန် ၁၅ ရက်တွင် ပြုလုပ်သည့် အာဆီယံသွေးလွန်တုပ်ကွေးနေ့ အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇွန် လဆန်းအထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၄၃၁ဦး ရှိပြီး ငါးဦးအသက်ဆုံးရှူံးခဲ့ရသည်။

ဖိုးစိုးသူ
Mizzima - News in Burmese

No comments:

Post a Comment