Tuesday, August 13, 2013

ဒေါက်တာတို့အတွက် ဂုဏ်ယူပါတယ်

ကျွန်မအမေ လည်ပင်းတွင်အဆီကျိတ်တွေ့သောကြောင့်မ/ဥ
ပြည်သူ့ဆေးရုံကြီး၏ နား၊နှာခေါင်း၊လည်ချောင်း ပင်ပလူနာဌာနတွင် ခွဲစိတ်ရန်အတွက် ဆေးရုံတက်ခဲ့ရပါတယ်။ အမေ့ ဘေးခုတင်က အဒေါ်ကြီးရဲ့ရောဂါက နှာခေါင်းကင်ဆာ မို့လို့ ခွဲစိတ်ရမယ်တဲ့။သူရဲ့ဇာတိက နယ်(ပြည်) ကတဲ့။ အဲဒီ့ အဒေါ်ကြီးကိုတော့ သမီးဖြစ်သူ( အသက်၂၀ ပတ်ဝန်းကျင် ကောင်မလေးက) လူနာစောင့်ပေးတယ်။ အဲဒီ့ညီမလေးက ရောင်းဆိုင်တစ်ခုမှာအလုပ်လုပ်နေတာ ၃ နှစ်ကျော်၊ ၄ နှစ်ပြည့်တော့မယ်တဲ့။အဆောင်ငှားနေထိုင်ပြီး မိခင်ကြီးကိုထောက်ပံ့နေရတာတဲ့။ရန်ကုန်မှာ ဆွေမျိုး၊အသိ တစ်ယောက်မှမရှိပါဘူးတဲ့။ မိမိအလုပ်လေးအဆင်ပြေနေတုန်း မိခင်၏ရောဂါကို (ထိပ်ကပ်နာ) ကုရန်အတွက် ပြည်မှ ရန်ကုန်သို့လိုက်လာရန် မိခင် ကိုဖုန်းဆက်ပြီးခေါ်လိုက်တယ်။ ကံမကောင်းစွာပဲ မိခင်ကြီးရဲ့ရောဂါက နှာခေါင်းကင်ဆာတဲ့။ ခွင့်ရတာကလည်း တစ်လတည်းပဲဆိုတော့ အလုပ်လည်းပြုတ်သွားခဲ့ပါတယ်။အားကိုးစရာ သမီးရဲ့ အလုပ်ကလည်းပြုတ်၊ ဆေးရုံမှာလည်း ရက်ရှည်တက်ရ၊ ခွဲစိတ်ခ၊ ဓါတ်ကင်ခ၊ ဆေးသွင်းခ …အဲဒါတွေအတွက် တွေးပူပြီး သားအမိနှစ်ယောက်ကြိတ်ပြီး ငိုနေရရှာပါတယ်။ အဲဒီ့အကြောင်းကို ကျွန်မတို့ သိရတဲ့အခါ နောက်နေ့ ဆရာဝန်ကြီး လူနာတွေကို round လှည့်တဲ့အခါမှာ ခွဲစိတ်ခ ကုန်ကျစရိတ်ခန့်မှန်းခြေ၊ ဆေးရုံ ဘယ်အချိန်ထိတက်ရဦးမှာ…စတာတွေကို ဆရာဝန်ကြီးကိုမေးပေးခဲ့ပါတယ်။ ဆရာဝန်ကြီးက ဘာဖြစ်လို့လဲ ဆိုတော့ အကြောင်းစုံကိုပြောပြခဲ့ပါတယ်။ ဆရာဝန်ကြီးနဲ့ တကွ တစ်ခြားဆရာဝန်တွေပါ စိတ်မကောင်းလို့ မျက်နှာပျက်သွားကြပါတယ်။ ဆရာဝန်ကြီးကတော့ စိတ်မပူပါနဲ့ သူ စီစဉ်ပေးပါမယ်တဲ့။ဒီလိုနဲ့ ဘေးနားက လူနာတွေအားလုံးကလည်း တတ်နိုင်သလောက်ကူညီပေးပါတယ်။ ဆေးကူညီမှု့အတွက် သက်ဆိုင်ရာ ပရဟိတ အဖွဲ့တွေနဲ့လည်း ချိတ်ပေးခဲ့ပါတယ်။ ခွဲစိတ်ရမယ့် ရက်ကို ၁၂.၈.၁၃ လို့သတ်မှတ်လိုက်ပါတယ်။ အဲ …၁၁ ရက်နေ့ ညနေပိုင်းမှာတော့ ဆရာဝန်ကြီး ရောက်လာပြီး
“ အမေကြီး ဒီ ပိုက်ဆံ ၅၀၀၀၀ က မနက်ဖြန် ခွဲစိတ်ရင် သုံးဖို့အတွက် အရင် ယူထားပါတဲ့၊ နောက်ထပ် လိုရင်လည်း သားကို ပြောပါတဲ့”
ကျွန်မတို့ ကြည့်ပြီး ပီတိဖြစ်လိုက်ရတာ၊ သာဓုလည်း အကြိမ်ကြိမ်ခေါ်ပါတယ်။ ဂုဏ်လည်းယူမိပါတယ်။
အခုလို ဆရာဝန်ကြီးမျိုး မြောက်မြားစွာ ရှိလာပါစေလို့လည်း ဆုတောင်းမိပါတော့တယ်။
(မ/ဥ နား၊နှာခေါင်း၊လည်ချောင်းမှ ဆရာဝန် အားလုံးသည် စိတ်ရှည်၊ သီးခံ၊ ဖော်ရွေသော အပြုံးများဖြင့် လူနာများကို ဆက်ဆံတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါသည်။)
ဒီဆောင်းပါးလေးနဲ့ ဆရာဝန်ကြီးနှင့်တကွ မ/ဥ နား၊နှာခေါင်း၊လည်ချောင်း ပြင်ပဌာနမှ ဆရာဝန်များအားလုံးကို ဂုဏ်ပြု ရေးသားလိုက်ရပါတယ်။

NWM

www.bellbagan.com

No comments:

Post a Comment