Wednesday, August 7, 2013

ညအိပ်ချိန် ဝင်ဖမ်းခံရသည့် လက်ပံတောင်းဒေသခံနှစ်ဦး ပြန်လွတ် မုံရွာ၊ သြဂုတ် ၆


မကြာသေးခင်အချိန်က စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုထားသော လက်ပံတောင်း တောင် ကြေးနီစီမံကိန်းဒေသခံ ဇီးတော ကျေးရွာမှ ဦးမောင်တူးနှင့် ဦးတင်လင်းတို့ နှစ်ဦးကို သြဂုတ်လ ၆ ရက်နေ့ နံနက် ၂ နာရီ ခန့်တွင် အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ ယင်းနေ့ နေ့လယ် ၁၂ နာရီက ပြန်လည်လွတ်မြောက်လာကြောင်း ဇီးတော ကျေးရွာ ရွာသူရွာသားများထံမှ သိရသည်။

သြဂုတ်လ ၆ ရက်နေ့ နံနက်စောစော ပိုင်းတွင် ဇီးတောကျေးရွာဘုန်းကြီးကျောင်း အနီးတွင် အရပ်ဝတ်ဖြင့် လူများက ဦးမောင်တူး၊ ဦးတင်လင်း၊ ကိုဖိုးလုံးနှင့် ကိုရဲထက်အောင်တို့ လေးဦးကို လက်ထိတ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားရာ ဆည်တည်းကျေးရွာနှင့် ရွာခံများမှ ပြေးထွက်လာ သည့်အတွက် ကိုဖိုးလုံးနှင့် ကိုရဲထက် တို့နှစ်ဦးမှာ နှစ်ဦးတွဲလက်ထိတ် ခတ်လျက် ကျန်ရှိနေခဲ့ပြီး ဦးမောင်ထူးနှင့် ဦးတင်လင်းတို့နှစ်ဦး ကိုသာ ခေါ်ဆောင်သွား နိုင်ခဲ့ကြောင်း ဇီးတောကျေးရွာမှ ဒေသခံ တစ်ဦးက ဆိုသည်။

"ကျွန်တော်က အိမ်ကမိုးမလုံတော့ ဘုန်းကြီးကျောင်းမှာ လာအိပ်နေကျ။ မနေ့ညကလည်း ဒီလိုပဲ လာအိပ်နေတာမှာ နှစ်နာရီဝန်းကျင်လောက် လူ ၁၅ ယောက် လောက်ဝင်လာပြီး ဝမ်းလျားမှောက် ခိုင်းပြီး လက်ထိတ်ခတ်တယ်။ ဇီးတောဘုန်းကြီးကျောင်းရဲ့ တောင်ဘက်
ကျောက်ဖြူတိုင်ရွာထဲ ကျတော့ နောက်က ရွာကလူတွေက အများကြီးပဲ ပြေးလိုက်လာတယ်။ အဲဒီအချိန်မှာ လက်ထိတ်တစ်ခုစီ ခွဲခတ်ထားတဲ့ ဦးမောင်တူးနဲ့ ဦးတင်လင်းကို ဆိုင်ကယ်ပေါ်တင်ပြီး ခေါ်ပြေးတယ်။

ကျွန်တော်နဲ့ ကိုရဲထက်အောင်က နှစ်ယောက်တွဲ လက်ထိတ်ခတ်ထားတော့ သူတို့တင်ခေါ် မသွားနိုင်ဘဲ လက်ထိတ်ခတ်လျက်နဲ့ပဲ ကျန်နေခဲ့တာ" ဟု ဖမ်းဆီးခံခဲ့ရရာမှ လွတ်မြောက်ခဲ့သော ကိုဖိုးလုံးကဆိုသည်။

အရပ်ဝတ်ရဲများက ညနက်ပိုင်း အချိန်ကျ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်လာပြီး ကျောင်းအပေါ် ထပ်သို့ တက်ကာ မှန်တံခါးတစ်ချပ် ကိုလည်း ရိုက်ခွဲသွားကြောင်း၊ ဖမ်းဆီးခံခဲ့ရသည့် ဦးမောင်တူးမှာ ဥပုသ်နေ့နံနက်တွင် ဆန်ပြုတ်ဆွမ်းကပ်လှူမည့် အလှူရှင်ဖြစ်ပြီး ကျောင်းသို့ ရောက်ရှိနေစဉ် ဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ဇီးတောကျေးရွာ ဘုန်းကြီးကျောင်းမှ ဦးပဉ္စင်း တစ်ပါးက မိန့်ကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးကို အတည်ပြု မေးမြန်းရာ "သူတို့ရွာရဲ့ အနေအထားလေးတွေကို ခေါ်ယူပြီးတော့ မေးမြန်းတာပါ။ နေ့လယ် ၁၂ နာရီခွဲမှာ ရွာအရောက် လိုက်ပို့ပေး ပါတယ်။ ခေါ်သွားတယ်ဆိုတာ သိတယ်။ လက်ထိတ်ခတ်တယ်၊ မခတ်ဘူးတော့
ကျွန်တော်တော့ မသိပါဘူး" ဟု ပြောကြားသည်။

No comments:

Post a Comment