Tuesday, August 20, 2013

ဓာတ်အားဝင်နေသည့် ပုခက်သံချိတ် ကိုင်မိ၍ ကလေး တစ်ဦး ဓာတ်လိုက် သေဆုံး

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ၆၃ x ၆၄ ကြား၊၂၄ x ၂၅ ကြား၊ မေတ္တာလမ်းသွယ် တွင် နေထိုင်သူ အသက် ၁၂ နှစ် အရွယ် ကလေး တစ်ဦးသည် သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က ထုပ်တန်းတွင် ချိတ်ထားသော လျှပ်စစ် စီးဝင်နေသည့် ကလေးပုခက် သံချိတ်ကို ကိုင်မိသဖြင့် ဓာတ်လိုက် သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

“အငယ်လေးက ပုခက်ထဲမှာ ထိုင်ပြီး တီဗီ ကြည့်နေတာ။ သူက သူ့ညီလေး ကို ဘာလုပ်နေတာလဲလို့ သံချိတ်ကိုင်ပြီး မေးလိုက်တာ ဓာတ်လိုက်ပြီး လဲကျနေတာ။ ဘယ်သူမှ မသိဘူး။ နောက်မှ ဆေးရုံ ပို့လိုက်တော့ အသက်က မရှိတော့ဘူး” ဟု သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးအောင်ဌေး က ပြောကြားသည်။

နေအိမ် အမြင့် ရှစ်ပေခန့်ရှိ ထုပ်တန်းတွင် ကလေး ပုခက် လွှဲရန်အတွက် သံချိတ်တွင် ပုဆိုးပုခက် ပြုလုပ်ထားရာ လျှပ်စစ် ဝါယာကြိုး အပေါက်မှ သံချိတ်ကို လျှပ်စစ် စီးဝင်ကာ ဓာတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ဓာတ်လိုက် သေဆုံးသူသည် အသက် ၁၂ နှစ်အရွယ် မောင်ငြိမ်းဝေဠု ဖြစ်ပြီး အောင်မြေသာစံမြို့နယ်ရှိ တွဲဖက် အထက်တန်းကျောင်း အမှတ် ၁၄ တွင် သတ္တမတန်း ပညာ သင်ကြားနေသူ တစ်ဦးဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

၎င်းသေဆုံးခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးလျက် ရှိပြီး အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲခစန်းက သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၃ အရ အရေးယူ စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

the voice

No comments:

Post a Comment