Tuesday, August 20, 2013

မလေးရှားတွင် မွတ်စလင်များ ၀တ်ပြုလေ့ရှိသည့် အခန်းကို ဗုဒ္ဓဘာသာဝင်များ တရားပွဲ ကျင်းပရန် ငှားရမ်းခဲ့သည့်အတွက် အပန်းဖြေရိပ်သာပိုင်ရှင် အဖမ်းခံရ

မွတ်စလင်များ ၀တ်ပြုလေ့ရှိသည့် အခန်းကို ဗုဒ္ဓဘာသာဝင်များ တရားပွဲကျင်းပရန် ငှားရမ်းခဲ့သည့်အတွက် အပန်းဖြေ ရိပ်သာပိုင်ရှင်ကို မလေးရှားရဲများက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သြဂုတ် ၁၃ ရက်၌ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။ မလေးရှားတောင်ပိုင်း၊ ဂျိုဟိုးပြည်နယ်ရှိ အပန်းဖြေရိပ်သာကို ပိုင်ဆိုင်သူအား သြဂုတ် ၁၁ ရက်တွင် ဖမ်းဆီးခဲ့ပြီး ဘာသာရေးဆိုင်ရာ စော်ကားမှုဖြင့် တရားစွဲဆိုရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ခရိုင်ရဲအကြီးအကဲ နော်ရာဆစ်က ပြောကြားခဲ့သည်။

ဒေသခံ မီဒီယာများ၏ ဖော်ပြချက်အရ အသက် ၄၅ နှစ်အရွယ်ရှိ အပန်းဖြေရိပ်သာ ပိုင်ရှင်သည် မွတ်စလင်ဘာသာဝင် စင်ကာပူနိုင်ငံသားဖြစ်ပြီး မလေးရှားတွင် အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူဖြစ်ကြောင်း သိရသည်။ သူသည် အခြားအခန်းလွတ် မရှိတော့သောကြောင့် စင်ကာပူမှလာသည့် ဗုဒ္ဓဘာသာဝင်များကို တရားပွဲ ကျင်းပရန်အတွက် မွတ်စလင်များ ၀တ်ပြုဆုတောင်းသည့် အခန်းကို ငှားရမ်းခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းအခန်း၌ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတစ်ပါးက ဦးဆောင်လျက် တရားပွဲကျင်းပနေပုံ ဗီဒီယိုဖိုင်ကို သြဂုတ် ၁၀ ရက်တွင် YouTube သို့ တင်ခဲ့ရာမှ မွတ်စလင်ဘာသာဝင် အများစုဖြစ်သော မလေးရှားနိုင်ငံတွင် မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ရိပ်သာပိုင်ရှင်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် လေးရက်ကြာ ထိန်းသိမ်းထားရန် တရားရုံးမှ ထုတ်ပြန်သည့်အမိန့်ကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့သည်။ ရဲတပ်ဖွဲ့က အသေးစိတ် အချက်အလက်များ ဖော်ပြခြင်း မရှိသော်လည်း စွဲဆိုထားသည့် အမှုအတွက် အမြင့်ဆုံးအဖြစ် ထောင်ဒဏ်နှစ်နှစ် ချမှတ်နိုင်သည်ဟု ဆိုသည်။

မလေးရှားနိုင်ငံ၏ ဗုဒ္ဓဘာသာခေါင်းဆောင် ကေသီရိဓမ္မရတနာက "ကျွန်ုပ်တို့၏ မွတ်စလင် ညီအစ်ကို ညီအစ်မများ" ဟု အမည်တပ်ကာ စင်ကာပူ ဗုဒ္ဓဘာသာဝင်များ၏ လုပ်ရပ်အတွက် တောင်းပန်ပါကြောင်း ဒေသခံ မီဒီယာများမှတစ်ဆင့် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် လူဦးရေ ၂၈ သန်း ရှိသည့်အနက် ၆၀ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်ပြီး မကြာသေးမီက ဘာသာရေးဆိုင်ရာ အငြင်းပွားမှု အများအပြား ပေါ်ပေါက်ခဲ့မှုက သတင်းစာများ၏ ခေါင်းကြီးပိုင်းများ ဖြစ်ခဲ့သည်။ မလေးရှားတွင် မွတ်စလင်မဟုတ်သော တရုတ်နှင့် အိန္ဒိယနွယ်ဖွားများလည်း အများအပြား ရှိသောကြောင့် ဘာသာရေး ကိစ္စသည် အလွန်ထိရှလွယ်သော အကြောင်းအရာတစ်ရပ် ဖြစ်သည်။

Ref:AFP

Credit : Eleven Media Group

No comments:

Post a Comment