Saturday, August 10, 2013

အသစ်ပြဋ္ဌာန်းသည့် ဥပဒေနှစ်ခု သမ္မတနှင့် လွှတ်တော် သဘောထားကွဲလွဲ ရန်ကုန်၊ သြဂုတ် ၉

ပြည်ထောင်စု လွှတ်တော်က သြဂုတ်လ ၆ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပါ အချက်ကိုးချက်မှာ အခြေခံဥပဒေ တည်ဆဲဥပဒေများနှင့် ညီညွတ်ရန် လိုအပ်ချက်များ ရှိနေခြင်းကြောင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မရှိကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းအပြင် သြဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သော အဂတိ လိုက်စားမှု ဥပဒေကို အတည်ပြု ပြဋ္ဌာန်းရာတွင် နိုင်ငံတော်သမ္မတ ပေးပို့ထားသော သဘောထားမှတ်ချက် ဆယ်ချက်ကို ပြည်ထောင်စုလွှတ်တော်က ပယ်ချထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ယင်းဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သော်လည်း အများဆန္ဒအရသာ လက်မှတ်ရေးထိုးပေးခြင်း ဖြစ်ပြီး အဆိုပါဥပဒေသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ယင်းဥပဒေကြမ်းနှစ်ခုကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးရန် ပြည်ထောင်စု ရှေ့နေချုပ်၊ ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ တိုင်ပင်ခဲ့ပြီး မညီညွတ်သဖြင့် လွှတ်တော်သို့ သဘောထား မှတ်ချက်များဖြင့် ပြန်လည် ပေးပို့သော်လည်း လွှတ်တော်က မူလဥပဒေအတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

“အခြေခံဥပဒေမှာ မရေးထားလို့ အခြေခံဥပဒေနဲ့ မညီဘူးလို့ ပြောလို့မရဘူး။ အခြေခံဥပဒေက အရာရာတိုင်းကို လွှမ်းခြုံမိမှာ မဟုတ်ဘူး” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။

အဆိုပါ ဥပဒေများ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိကို ဆုံးဖြတ်ပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် တာဝန်ရှိကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ရှင်းလင်းထားသည်။

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများ အခြေခံဥပဒေနှင့် ညီမညီ ဆိုသည်မှာ နိုင်ငံတော်သမ္မတ အပါအဝင် မည်သူမျှ အဓိပ္ပာယ် သတ်မှတ်ပိုင်ခွင့် မရှိကြောင်း၊ အကယ်၍ အခြေခံ ဥပဒေနှင့် ညီမညီ အတည်ပြုလိုပါက အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ လျှောက်ထားမှသာ ခုံရုံးက သတ်မှတ်ပေးနိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် လွှတ်တော်ဆိုင်ရာ ဥပဒေတစ်ခုနှင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြု ပြဋ္ဌာန်းထားသည်။

No comments:

Post a Comment