Saturday, August 10, 2013

၈၈ နှိမ်နင်းမှုများ အရေးယူပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး ထိခိုက်မည်ဟု ဦးရဲထွဋ်ဆို ရန်ကုန်၊ သြဂုတ် ၉

၈ လေးလုံး ဒီမိုကရေစီ တောင်းဆိုမှုကို အကြမ်းဖက် နှိမ်နင်းခဲ့သည့် တပ်မတော် အရာရှိများကို စစ်ဆေးဖော်ထုတ် အရေးယူပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး ထိခိုက်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

၁၉၈၈ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော ဒီမိုကရေစီအရေးအတွက် ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက် နှိမ်နင်းခဲ့သည့် အစိုးရအရာရှိများ၊ စစ်ဗိုလ်ချုပ်ကြီးများကို စစ်ဆေးဖော်ထုတ် အရေးယူမှုများ ပြုလုပ်သင့်ကြောင်း အကြံပြုထားသည့် အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ သြဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာနှင့် ပတ်သက်၍ ၎င်းက ယင်းသို့တုံ့ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အရေးယူမှုများ ပြုလုပ်ပါက မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုသည် နောက်ကြောင်း ပြန်လှည့်နိုင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီက ပြောကြားသည်။

“အချို့အမှန်တရားတွေက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်။ ဒါပေမဲ့ သမိုင်းမှန်ကို ဖျောက်ဖျက်ဖို့တော့ မကြိုးစားသင့်ဘူးပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ HRW ၏ အစီရင်ခံစာတွင် ၈၈ အရေးတွင် ပါဝင်ပတ်သက်သူများကို အရေးယူ၍ ထိခိုက်နစ်နာခဲ့သူများအတွက် တရားမျှတမှု ရစေရန် လက်ရှိအစိုးရက အရေးယူ ဆောင်ရွက်ပေးမှသာ မြန်မာအစိုးရသည် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နေသည်ဟု ယူဆနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရှစ်လေးလုံး ဒီမိုကရေစီ တောင်းဆိုမှုတွင် အကြမ်းဖက် နှိမ်နင်းမှုများကြောင့် လူဦးရေ မည်မျှသေဆုံးသည်ကို စာရင်းအတိအကျ မသိရှိရသော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က သေဆုံးသူ ၄၂ ဦးသာ ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
The Voice

No comments:

Post a Comment