Tuesday, August 20, 2013

အာဆီယံယူ ၁၆ ဘောလုံးပွဲ မြဝတီရုပ်သံ တိုက်ရိုက် ပြသမည် ရန်ကုန်၊ သြဂုတ် ၁၉

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် လက်ခံ ကျင်းပမည့် အာဆီယံ ယူ ၁၆ ဘောလုံး ပြိုင်ပွဲကို မြဝတီ ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်ရာ ယင်းပြိုင်ပွဲ၏ အုပ်စု (က) အဖွင့် ပွဲစဉ်၌ မြန်မာအသင်း သည် ဗီယက်နမ်အသင်းနှင့် တွေ့ဆုံလျက် ရှိသည်။

မြန်မာအသင်းသည် အုပ်စု (က) တွင် သြစတြေးလျ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက် ရှိပြီး အုပ်စု (ခ) တွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ဖိလစ်ပိုင်တို့ ပါဝင်လျက် ရှိရာ ယင်းပြိုင်ပွဲကို သြဂုတ်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့ ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ တစ်ရက်လျှင် နှစ်ပွဲ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာအသင်း၏ အပြီးသတ် ကစားသမား ၂၀ ဦးကို ထုတ်ပြန်ခဲ့ရာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မလေးရှား ဘောလုံးအဖွဲ့ချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံ Fam Frenz Asean Championship 2013 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မန္တလေး ဘောလုံး အကယ်ဒမီမှ အသက် ၁၅ နှစ်အောက် ကစားသမား အများစု ပြန်လည် ပါဝင်လာခဲ့သည်။

မြန်မာ ယူ ၁၆ အသင်းကို အုပ်ချုပ်သူအဖြစ် ဦးဝင်းသူမိုး၊ နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား တာရှီမား၊ အသင်း နည်းပြအဖြစ် ဦးအောင်အောင်ထွန်း၊ လက်ထောက် နည်းပြများအဖြစ် ဦးခင်မောင်ထွေး၊ ဦးအောင်ကျော်ဇံ၊ ဂိုး နည်းပြအဖြစ် ဦးမောင်မောင်မြင့်တို့က ကိုင်တွယ်သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောကြားသည်။

မြန်မာယူ ၁၆ အသင်းသည် အာဆီယံ ယူ ၁၆ ပြိုင်ပွဲအဖြစ် ပြောင်းလဲ ပြီး နောက်ပိုင်းတွင် စတုတ္ထကြိမ်မြောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

No comments:

Post a Comment