Monday, August 12, 2013

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ လွှတ်တော် တင်မည် ရန်ကုန်၊ သြဂုတ် ၁၁

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို ပြည်သူ့ လွှတ်တော်သို့ သြဂုတ်လ ၁၂ ရက်နေ့တွင် တင်သွင်းမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ တစ်နှစ်အတွင်း တွေ့ရှိချက်များကို အစီရင်ခံတင် ပြရခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။

အစီရင်ခံစာတွင် ကော်မတီ၏ တစ်နှစ်အတွင်း ဆောင်ရွက်ချက်၊ တွေ့ရှိချက် များနှင့် တရားစီရင်ရေး ကဏ္ဍ သုံးသပ်ချက် အားလုံး ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဌာနဆိုင်ရာတွေနဲ့ ပတ်သက်တာတွေလည်း ပါမယ်။ နောက်ပြီး ရှေ့ဆက်ဖို့ သုံးသပ်အကြံပြုချက်တွေ အကုန်တင်မှာပဲ” ဟု ဦးဝင်းမြင့်က ရှင်းပြသည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ကြားဖြတ် အစီရင်ခံစာ တစ်ရပ်ကို နိုဝင်ဘာ ၂၁ ရက်နေ့က တင်သွင်းခဲ့ပြီး တရားရုံး များတွင် လာဘ်ပေးလာဘ်ယူမှု ရှိနေခြင်း၊ တရားသူကြီးများ အုပ်ချုပ်ရေး အာဏာပိုင်များကို ကြောက်ရွံ့နေရခြင်းနှင့် အုပ်ချုပ်ရေး၏ လွှမ်းမိုးမှုများ ရှိနေခြင်း စသည့် စစ်ဆေး တွေ့ရှိချက် ၁၉ ချက်နှင့် သုံးသပ်ချက် ငါးချက်ကို တင်ပြခဲ့သည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

No comments:

Post a Comment