Tuesday, August 20, 2013

ရဲဝန်ထမ်းအပါအ၀င် အမျိုးသမီးတစ်ဦးအား ကန်ကျောက်ခဲ့သူကို လက်နက်မှုဖြင့် အရေးယူ

ယာဉ်ပိတ်ဆို့စစ်ဆေးရေး တာဝန်ဆောင်ရွက်နေသည့် တာဝန်ကျရဲဝန်ထမ်းအား ၀တ္တရား နှောင့်ယှက်ခြင်းနှင့်အတူ အမျိုးသမီးတစ်ဦး အပေါ်၌လည်း ကိုယ်ထိလက်ရောက်ကျုးလွန်မှုတစ်ရပ် သြဂုတ်လ(၁၈)ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

သြဂုတ်လ ၁၈ ရက်နေ့က ဗဟန်းမြို့နယ်မှ ရဲအုပ်အောင်ဆွေနှင့်အဖွဲ့သည် သက်သေများနှင့် ကမ္ဘာအေးဘုရားလမ်းရှိ ဖူဆန် ဘုံကျောင်းရှေ့တွင် ယာဉ်စစ်ပိတ်ဆို့ တာဝန်ဆောင်ရွက်နေစဉ် ရွှေတောင်ကြား(၂)ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာ၊ ဗဟန်းမြို့နယ် နေထိုင်သူ အောင်ဇေယျ အသက်(၃၆)နှစ်ဆိုသူသည် ကားနံပါတ် ၇ဃ/၂၀၀၀ ငွေမှင်ရောင် Mark II ကားဖြင့် ည ၉ နာရီ အချိန်ခန့်က ရောက်ရှိကာ တာဝန်ထမ်းဆောင်နေသည့် ရဲဝန်ထမ်းများအား ၀တ္တရားနှောင့်ယှက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသားမှာ တာဝန်ထမ်းဆောင်နေသူများအား မချေမငံ ပြောဆိုခြင်း၊ ရန်စခြင်း၊ တံတွေးထွေးများအပြင် ကားပေါ်မှ ဆင်းလာ၍ တပ်ဖွဲ့ဝင်များအား ခြေထောက်ဖြင့် ကန်ခြင်း၊လက်သီးဖြင့် လိုက်ထိုးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

ထိုကဲ့သို့ဖြစ်ပွားသောကြောင့် ၀ိုင်းဝန်းထိန်းသိမ်းပြီး ဗဟန်းမြို့နယ် လှည့်ကင်းအဖွဲ့မှ ထပ်မံထိန်းသိမ်းခဲ့စဉ် တာဝန်ထမ်းဆောင် နေသော ရဲသားတစ်ဦးအား အောင်ဇေယျမှ ကိုင်ဆောင်ထားသော အရိုးအသွား ၈ လက်မခန့်ရှိသော ဦးချွန်စတီးဓါးဖြင့် ထိုး သောကြောင့် အဆိုပါရဲသား၏ ယာဘက်လက်ဖ၀ါးပြတ်ရှဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

တရားခံဖြစ်သူသည် သြဂုတ်လ (၁၈)ရက်နေ့ညနေ ၆ နာရီခန့်ကလည်း ဗဟန်းမြို့နယ်ဓမ္မစေတီလမ်းရှိ Market Place City Mart တွင်ဈေးဝယ်သူ အမျိုးသမီးများအား လိုက်လံနှောင့်ယှက်ကာ ခြေထောက်ဖြင့် ကန်ကျောက်နေခဲ့သောကြောင့် ဗဟန်းမြို့ နယ်ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၅၄၊၃၃၂ တို့နှင့်အတူ လက်နက်ပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိရသည်။

ဇော်မျိုးဦး (မြစ်မခ) /မြန်မာခရိုနီကယ်

သတင်းဘုရင်

No comments:

Post a Comment