Thursday, August 15, 2013

သတင်းမီဒီယာ ဥပဒေကြမ်း တနင်္လာနေ့ လွှတ်တော်တင်မည် ရန်ကုန်၊ သြဂုတ် ၁၄ The Voice Weekly

ပြန်ကြားရေး ဝန်ကြီးဌာန အနေနှင့် လွှတ်တော်သို့ တင်သွင်းပေးရန် ငြင်းဆန် ထားသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သတင်းမီဒီယာ ဥပဒေကြမ်းကို အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က လာမည့် တနင်္လာနေ့တွင် အမျိုးသား လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း NNDP မှ တာဝန်ရှိသူ များက ဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားသည့် သတင်း မီဒီယာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်မှ တစ်ဆင့် သြဂုတ်လ ၁၉ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက အတည်ပြုသည်။

“သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်တင်ဖို့ ပြင်ဆင်ထားပြီးပြီ။ တနင်္လာနေ့ တင်ဖြစ်မယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

ဥပဒေ လုပ်ထုံးလုပ်နည်းအရ တနင်္လာနေ့တွင် ဥပဒေကြမ်းကို တင်သွင်း မည် ဖြစ်ပြီး ဆက်လက် ဆွေးနွေးမည့် နေ့ရက်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ရုံးအဖွဲ့က ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ သတ္တမအကြိမ် လွှတ်တော် အစည်းအဝေးများတွင် မပြီးပြတ်ပါက အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးသွားရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သတင်းမီဒီယာ ဥပဒေကို အမျိုးသားလွှတ်တော်သို့ တင်သွင်းလိုက်ခြင်း အားဖြင့် ပြန်ကြားရေး ဝန်ကြီး ဌာနက တင်သွင်းထားပြီး အမျိုးသား လွှတ်တော်သို့ ရောက်ရှိနေသည့် ပုံနှိပ် ဥပဒေကြမ်းနှင့် လွှတ်တော်က ယှဉ်တွဲ သုံးသပ်နိုင်မည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ထံမှ သိရသည်။

မီဒီယာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ မတင်သွင်းမီ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီအကြား သဘောထား ကွဲလွဲမှုများကို စေ့စပ် ညှိနှိုင်း သည့် နည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းကြောင်း၊ သတင်းမီဒီယာ ဥပဒေမှာ ပြည်သူလူထု အနိုင်ရမည့် ဥပဒေတစ်ရပ် ဖြစ်ပါက ထောက်ခံသွား မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စာနယ်ဇင်းကောင်စီနှင့် တွေ့ ဆုံစဉ် ပြောကြားထားသည်။

No comments:

Post a Comment