Monday, May 27, 2013

ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့လျှပ်စစ်အခက်အခဲ Monday, May 27, 2013

သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ တစ်ချိန်တည်းတွင် အမေရိကန် အစိုးရကလည်း
ဒေါ်လာငါးသိန်းနှင့်အထက် ရင်းနှီးမည့် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံ တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အစီရင်ခံစာ တင်သွင်းစေခဲ့သည်

သောကြာနေ့ကလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဂျပန်စီးပွားရေး လုပ်ငန်းရှင် များ တပြုံတမကြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြန်သည်။ မြန်မာ့စီးပွားရေးဖွံ့ဖြိုးဖို့ အကူအညီပေးမည့်အကြောင်း ကတိကဝတ်တွေ
ပေးသည်။ ဤနေရာတွင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံကြမည့် ပြည်ပရင်းနှီးမြှုပ်နှံသူများ အဓိကထောက်ပြ ပြောဆိုသည်မှာ အခြေခံအဆောက်အအုံများနှင့် လျှပ်စစ်မီးရရှိရေးပင် ဖြစ်သည်။ မှန်ပါသည် လျှပ်စစ်မီး ပုံမှန် မရပါဘဲလျက် စက်မှုလုပ်ငန်းများ မည်သို့ တိုးတက်လည်ပတ်ကြမည်နည်း။

ပြည်ပ ရင်းနှီးမြှုပ်နှံသူများ မဆိုထားနှင့်၊ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုလုပ်ငန်း ၉ဝ ကျော်သည်ပင် လျှပ်စစ်မီးပုံမှန် မရရှိသေး။ အလားတူပင် ရန်ကုန်လူထုကလည်း လျှပ်စစ်မီး ပုံမှန် မရရှိမှုကြောင့် ဆူဆူညံညံ အသံတွေ ကြားလာရပြန်သည်။

မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း လျှပ်စစ် ရရှိသုံးစွဲနိုင်မှုကို အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းဆုံး
နိုင်ငံတစ်ခုအဖြစ်လည်း တွေ့ရှိရမည်ဖြစ်သည်။ စင်္ကာပူနိုင်ငံသည် ၂ဝ၁၂ ခုနှစ်အတွင်း လူတစ်ဦးလျှင် လျှပ်စစ် သုံးစွဲမှုပမာဏ ၈,၃ဝ၇ ကီလိုဝပ်ရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသည် ၂,၂၄၃ ကီလိုဝပ် ရှိနေသည်။ မြန်မာနိုင်ငံသည် ၁၃၁ ကီလိုဝပ်သာ ရှိ သည်ကို ကမ္ဘာ့ဘဏ်၏ စာရင်းများက ဖော်ပြသည်။

မြန်မာ့ရေအားလျှပ်စစ် စက်ရုံကြီးများ၏ လျှပ်စစ်ထုတ်လုပ်နိုင်မှု အခြေအနေကို ပြန်ကြည့်မည် ဆိုပါကလည်း အားရဖွယ်မရှိ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ရေးသည့် အမည်သညာခေါ်စရာကား ''မုန်း'' ဆောင်းပါးကို သတင်းစာတစ်စောင်တွင် ဖတ်လိုက်ရသည်။ လျှပ်စစ်ဓာတ်အား ၂၅ မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်သည့် မုန်းရေအားလျှပ်စစ်စက်ရုံရှိ စက်သုံးလုံးအနက် တလုံးသာ လည်ပတ်နိုင်ပြီး ၁၀-၁၅ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သည် ကို တွေ့ရမည်ဖြစ်သည်။

ဤကဲ့သို့ မအောင်မြင်သော စီမံကိန်းများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ပြန်လည် သုံးသပ်ကာ တိကျသေချာသည့် စီမံကိန်းများ မဟာဗျူဟာများ ချမှတ်နိုင်ရန် လိုအပ်လှသည်။

လျှပ်စစ်သည် ကျေးလက်လူထုဖွံ့ဖြိုးတိုးတက်ရေးနှင့်လည်း ဆက်စပ်နေသည်။ မြန်မာနိုင်ငံလူဦးရေ အများစုမှာ ကျေးလက်ဒေသများတွင်နေထိုင်ပြီး နိုင်ငံစီးပွားရေးအတွက် အဓိက ကျသည့် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်နှင့်ပတ်သက်၍ ကျေးလက်နေ ပြည်သူလူထုကို လည်း မမေ့စကောင်းပေ။ ထင်းမီးဖြင့် ဝမ်းရေးဖြေရှင်းနေသည့် ကျေးလက်နေ မိသားစုတစ်စု လျှပ်စစ်ဖြင့် ထမင်းချက်မည်ဆိုပါက ပထမအဆင့်အနေဖြင့် မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်ပေမည်။

Mizzima News

No comments:

Post a Comment