Tuesday, June 18, 2013

မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိ၊ ချင်းမိုင်မှ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည် Tuesday, June 18, 2013


မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိကြောင်း၊ ချင်းမိုင်ရှိ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် နှစ်ဘက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် Forum for East Asia-Latin America Cooperation Meeting သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့သို့ ရောက် ရှိစဉ် (၁၃-၆-၂၀၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Surapong Towichchaikul နှင့် သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ သို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရိစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်လိုကြောင်း၊ ချင်းမိုင်တိရိစ္ဆာန်ရုံအား ရွေးချယ်ရခြင်း အကြောင်းရင်းမှာ ချင်းမိုင်သည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆက်ဆံမှု သက်တမ်း နှစ်ပေါင်း(၂၀၀)ကျော် ရှိခဲ့သောကြောင့် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က-

(၁) မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်အထိ သယ်ဆောင်ရေးမှာ အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊

(၂) ထိုင်းပြည်သူများ မြန်မာ့ ဆင်ဖြူ တော်အား အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြစေရန် အတွက် အထူးလေကြောင်း ခရီးစဉ်များ စီစဉ်ခြင်းများ ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊

(၃) ဆင်ဖြူတော် လေ့လာရေးခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း အထောက် အကူ ပြုစေနိုင်ကြောင်း

ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

President Office

No comments:

Post a Comment