သြစတြေးလျနိုင်ငံ
အခြေစိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီ Eumeralla Resources က ပြည်တွင်းမိတ်ဖက်
ကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်း၍ ကယားပြည်နယ် အတွင်း သံဖြူ နှင့် သံကြွပ်သတ္တု
ရှာဖွေတူး ဖော်ရန်စီစဉ်နေသည်ဟု အဆိုပါကုမ္ပဏီက ကြေညာသည်။
အဆိုပါကုမ္ပဏီသည် ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Energy
Resources Group နှင့် ပူးပေါင်း၍ ကယားပြည်နယ် ဘော်လခဲဒေသ
မော်ချီးသတ္တုတွင်း ဧရိယာရှိ စတုရန်းမီတာ
၄၀၀ ခန့်ကျယ်ဝန်းသော နေရာတွင် သတ္တုရှာဖွေတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်
ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း Eumeralla Resources ထံမှသိရသည်။
စီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကို Eumeralla Resources က ပိုင်ဆိုင်မည်
ဖြစ်ပြီး Myanmar Energy Resources Group က ကျန် ၃၀ ရာခိုင်နှုန်း
ပိုင်ဆိုင်မည် ဖြစ်သည်။
အဆိုပါကုမ္ပဏီက သတ္တုတွင်းဝန်ကြီး ဌာနထံမှ တရားဝင်ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်းနေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
လတ်တလောတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံသို့
လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားခြင်း မရှိသေးကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ
ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။
"သတ္တုတွင်း ဝန်ကြီးဌာနနဲ့ အရင်ညှိနေတာဖြစ်နိုင်တယ်။ သူတို့ဆီကမှ MIC ဘက်ကိုပြန်တင်ရမှာ" ဟု အဆိုပါ အရာရှိ ကဆိုသည်။
Eumeralla Resources သည် မွန်ဂိုလီးယားနိုင်ငံ အလယ်ပိုင်းရှိ နာမည်ကျော်
သမိုင်းဝင် သံကြွပ်သတ္တုတွင်း Chuluun Khoroot တွင်လည်း သတ္တုတူးဖော်
ထုတ်လုပ်နေသည်။
သံကြွပ်သတ္တုကို အီလက်ထရွန်နစ် ပစ္စည်းများတွင်
အသုံးပြုသည့် Electrical Conductor များ၊ Heavy Metal Alloys များ
ထုတ်လုပ်ရာတွင် အသုံးပြုပြီး ပြိုင်ကားများ၊ လေယာဉ်ပျံများ အတွက်လည်း
အသုံးပြုသည်။
ကယားပြည်နယ် အတွင်းရှိ ဘော်လခဲ ဒေသ မော်ချီးသတ္တုတွင်းများမှာ မြန်မာ နိုင်ငံ၏ ကျော်ကြားသော သတ္တုသိုက်များ ဖြစ်သည်။
No comments:
Post a Comment