Monday, July 22, 2013

မန္တလေးတွင် ပေါက်ကွဲ ထိပ်လန့်မှု ဖြစ်ပွား


မန္တလေး ၊ ဇူလိုင် ၂၁

၂၁-၇-၁၃ ည(၁၀)နာရီ ခန့်က ပေါက်ကွဲသံ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဗုံးပေါက်ကွဲ မှု မဟုတ်ပဲ ၊ မန္တလေး ၃၆လမ်း ၊ ၈၄×၈၅လမ်းကြားရှိ အေးမေတ္တာဆေးခန်းမှ ဒေါက်တာတင်မြင့် ပိုင် (၇က/၃၀၂၀) အဖြူရောင် ဆလွန်းကား ရပ်တန့်ထားစဉ် ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး တာဝန်ရှိသူများမှ စစ်ဆေးခဲ့ကြပြီးနောက် သာမန်ပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည် ။

" ဗုံး ဆိုရင် ကားက ဒီထက်ပျက်စီးမယ် ၊ နောက် အောက်မှာ ဓါတ်ဆီတွေ ယိုနေတာ မီးလောင်မှာပေါ့ ၊ ခုတော့ ဘေးမှာ မီးသတ်တွေလည်း အသင့်စောင့်နေတယ် " ဟု မျက်မြင်တစ်ဦးက ပြောပြသည် ။

" ကျွန်တော်တို့ အတည်ပြုပြီးရင် ပြောပါမယ် ၊ ခုလောလောဆယ် စစ်ဆေးနေဆဲပါ " ဟု ရဲအရာရှိတစ်ဦးမှ ပြောကြားသည် ။

ကိုဝိုင်ဝိုင်ကေ

နောက်ဆက်တွဲ သတင်းအရ အသေးစား ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ကြောင်း ကြားသိရသည် ။

=================

(ယမန်နေ့ ည ၉နာရီ ၁၀မိနစ်အချိန်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၆လမ်း ၈၄လမ်းနှင့် ၈၅လမ်းကြားတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ အဆိုပါ နယ်မြေပိုင် အမှတ် ၉ ရဲစခန်းမှ ဒုရဲမှူးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်)

တရားပွဲလုပ်တဲ့ နေရာမဟုတ်ပါဘူး။ တရားပွဲလုပ်နေတဲ့ နေရာနဲ့ ပေ ၇၀ အကွာမှာ အေးမေတ္တာဆေးခန်းဆိုတာ ရှိပါတယ်။ အေးမေတ္တာဆေးခန်းရှေ့မှာ ဒေါက်တာတင်မြင့်ရဲ့ ကိုယ်ပိုင်ယာဉ် (၇က/၃၀၂၀ တိုရိုတာ ကိုရိုလာကား) ရပ်ထားပါတယ်။ အဲ့ဒီမှာ ဘီးပေါက်တဲ့အသံ ကျနော်တို့ ကြားရပါတယ်။ ဘီးပေါက်တဲ့ အသံပါ။ ဘာပဲဖြစ်နေနေ တရားပွဲဖြစ်နေတဲ့ နေရာနဲ့ ပေ ၇၀ လောက်အကွာဆိုတော့ ချက်ချင်းသွားရပါတယ်။

ကားရဲ့နောက်ဘီးနှစ်ဘီးနဲ့ ညာဘက်ဘီးရှေ့ဘီး လေလျော့နေပါတယ်။ အသံကလည်း ဘီးပေါက်တဲ့ အသံပဲထွက်တာပါ။ ဝုန်းဆို ဘီးတွေ တပြိုင်နက်တည်း ပေါက်တာပါ။ အခင်းဖြစ်နေရာ စစ်ဆေးကြည့်လိုက်တော့ ကားရဲ့ နောက်ခန်း ညာဖက်ခြမ်းလေးမှာ အပေါက်ငယ်လေးတွေ သုံးပေါက်လောက် သွားတွေ့ပါတယ်။ အနီးအနားမှာ နေတဲ့ မိန်းမနှစ်ယောက်၊ ကိုရင်လေးတစ်ပါးရယ် ယောက်ကျားတစ်ယောက်ရယ် .. သူတို့လည်း နည်းနည်းလေး ဒဏ်ရာရပါတယ်။ ဒဏ်ရာရတယ်ဆိုတာလည်း ဒဏ်ရာက အကြီးကြီးမဟုတ်ဘူး။ ပေါက်တဲ့အချိန်မှာ လွင့်စင်သွားတဲ့ အစလေးတွေပါ။ တစ်ယောက်ဆိုရင် ခြေသလုံးသွားမှန်တဲ့ အတွက် ပွန်းပဲ့ရာ သာသာဒဏ်ရာလေးတွေပါ။ ဒဏ်ရာအကြီးအကျယ်ကြီး သွေးသံရဲရဲနဲ့ ဖြစ်တဲ့ ဒဏ်ရာမျိုး မဟုတ်ပါဘူး။

အခင်းဖြစ်တဲ့နေရာကို အသေးစိတ်စစ်ဆေးတဲ့နေရာမှာ ဗုံးမဟုတ်ပါဘူး။ ဖြစ်ပွားတဲ့ အေ ကြာင်းရင်းမှာ သူတို့ယူဆတဲ့ အတိုင်းအတာကတော့ ဒေသန္တရလက်လုပ်ဗုံးပေါ့နော်။ ၁/၄ နဲ့ ၁/၂ လက်မလောက်ရှိတဲ့ သံကြွပ်စလေးတွေနဲ့ ထည့်သွင်းပြုလုပ်ထားတဲ့ ဒေသန္တရလက်လုပ်ဗုံးလေးပေါ့။ အဲ့ဒါကြောင့်မို့လို့လည်း လူတွေ ထိခိုက်ဒဏ်ရာရရှိမှုက အပြင်းအထန်လည်း ဘာမှ မဖြစ်ပါဘူး။ ကားကလည်း ထိခိုက်မှုဘာမှ မရှိပါဘူး။ အပေါက်ငယ်လေးတွေ သုံးလေးပေါက်လောက်တွေ့တာလောက်ပါပဲ။ လူတွေရဲ့ ဒဏ်ရာကလည်း သေးသေးလေးတွေပဲ။ အတော့်ကို သေးပါတယ်။ အရေပြားလေးတွေ နည်းနည်းပွန်းပဲ့သွားတဲ့ အဆင့်လောက်မျိုးပါ။ အဲ့ဒါကြောင့် ဆေးရုံတက်ရောက်ကုသဖို့လည်း မလိုပါဘူး။ ရုတ်ရုတ်သဲသဲလည်း မဖြစ်ပါဘူး။ တရားပွဲလည်း ပြီးဆုံးသွားသည့်တိုင်အောင် ဆရာတော်ကြီးက ဟောသွားပါတယ်။ ပြည်သူလူထုကလည်း ကားဘီးပေါက်တာပါလို့ ယူဆထားတဲ့အတွက် တရားပွဲလည်း ရုတ်ရုတ်သဲသဲမဖြစ်ပါဘူး။ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ကလည်း အချိန်နဲ့ တပြေးညီ ရောက်ရှိထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဒုရဲမှူးဝင်းနိုင်မော်
အမှတ် (၉) ရဲစခန်း

http://www.youtube.com/watch?v=lhh7uDUlE2w&feature=youtu.be

No comments:

Post a Comment