ပဲခူးတိုင်းဒေသကြီး
အနောက်ပိုင်း ပြည်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့ည ၁၀ နာရီခန့်က ရွာဘဲရပ်ကွက်
ဦးဝင်းမြစက် လမ်းအနီးရှိ သံလမ်းတွင် အမြန်ရထားနှင့်
မော်တော်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရွာဘဲရပ်ကွက် ဒေသခံများထံမှ
စုံစမ်းသိရှိရသည်။
ရန်ကုန်-ပြည် အမှတ် ၇၁ အဆန် ရထားသည် အဆိုပါ သံလမ်းနေရာသို့ အရောက်တွင် ဆိုင်ကယ်က သံလမ်းကို ဖြတ်မောင်းရန် ကြိုးစားရာမှ ရထားနှင့် ဆိုင်ကယ်ရှေ့ခေါင်း ငြိခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၂) မြို့မရဲတပ်ဖွဲ့စခန်းထံမှ သိရှိ ရသည်။
ဆိုင်ကယ်မောင်းနှင်သူ ထိခိုက်ဒဏ်ရာ ရခဲ့မှု မရှိခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့ စခန်း တာဝန်ရှိသူက ပြောကြားသည်။
ရထားဥသြ စဆွဲစဉ်ကတည်းက တံခါးနှစ်ချက်စလုံးကို ပိတ်ထားခဲ့၍
စောင့်ဆိုင်းနေသော မော်တော်ဆိုင်ကယ် နှစ်စီးတွင် ဆိုင်ကယ်တစ်စီးမှာ တံခါး
ဘေးလွတ်ရာနေရာမှ ကျော်ဝင်ခဲ့သော ကြောင့် ရထားနှင့် ချိတ်မိသွားခဲ့ခြင်း
ဖြစ်ကြောင်း အဆိုပါသံလမ်းဂိတ်တွင် တာဝန်ကျသည့် မီးရထားဝန်ထမ်းဖြစ်သူ
ဒေါ်နွယ်နီစိုးက ပြောကြားသည်။
မီးရထားမှာ တစ်စုံတစ်ရာ ထိခိုက်
ပျက်စီးမှု မရှိခဲ့သော်လည်း ကျပ် ၃၀,၀၀၀ ဖိုးခန့် ဆိုင်ကယ်ရှေ့ အကာများ
ပျက်စီး ဆုံးရှုံးခဲ့ပြီး ဆိုင်ကယ်မောင်းသူကို (ပ) ၄၉၇၊ မီးရထားအက်ဥပဒေ ၁၂၉
အရ အမှုဖွင့်ထားကြောင်း၊ သက်သေခံ ဆိုင်ကယ်ကို သိမ်းဆည်းထားပြီး လက်ရှိ
ဆိုင်ကယ်မောင်းသူကို အာမခံနှင့် လွှတ်ထားကြောင်း အမှတ် (၂) မြို့မ ရဲတပ်ဖွဲ့
စခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
No comments:
Post a Comment