Monday, July 15, 2013

GSM မိုဘိုင်းဖုန်းကို ၁၅၀၀ ကျပ်ဖြင့် စတင် ရောင်းချမည် Internet Journal

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ဇူလိုင်လ ၂၅ ရက်နေ့၌ GSM ဖုန်းလိုင်းအရေအတွက် ၂ သိန်းကို ငွေကျပ် ၁၅၀၀ ဖြင့် ပထမဦးဆုံး အကြိမ် စတင် ရောင်းချပေးသွားမည်ဟု ဆက်သွယ်ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောသည်။

“ဘယ်နေရာမှာ အရေအတွက် ဘယ်လောက်ဆိုတာမျိုးက ထပ်ပြီးတော့ အသေးစိတ် ကြေညာပါလိမ့်မယ်။ ရောင်းတာကတော့ ဈေးမပြောင်းဘူး။ ၁၅၀၀ ကျပ်ပဲ” ဟု ဦးကျော်စိုးက ဆိုသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ပူးပေါင်း၍ CDMA 800 မိုဘိုင်း ဖုန်းလိုင်းများကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလအတွင်း စတင် ရောင်းချပေးခဲ့သည်။

CDMA ဖုန်းလိုင်းအသုံးမပြုနိုင်သည့် နေရာဒေသတချို့၌ WCDMA ဖုန်းလိုင်းအနည်းငယ်ကို ယခင်က ရောင်းချပေးခဲ့သည်။ “GSM က အရေအတွက် ၂ သိန်း၊ CDMA က အရေအတွက် ၁ သိန်း ခွဲရောင်းမှာ” ဟု ဦးကျော်စိုးက ပြောသည်။ အစီအစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိုဘိုင်းဖုန်းလိုင်းကို ခွဲတမ်းအနေဖြင့် ရောင်းချပေးနေခြင်း ဖြစ်ပြီး လစဉ်လတိုင်းအရေအတွက် ၃ သိန်းခွဲကို ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

လိုင်းအရေအတွက် ၁၀ သိန်းကျော် ချထားပေးပြီးဖြစ်သည့် MEC ၏ CDMA 800 မိုဘိုင်း ဖုန်းလိုင်းကွန်ရက်သည် လက်ရှိ အချိန်၌ ပြည့်ကျပ်မှု ဖြစ်ပေါ်လာကြောင်း၊ ဆက်လက်တိုးချဲ့ နေသည့် မိုဘိုင်း ကွန်ရက်များမှာ 3G စနစ် အသုံးပြုသည့် GSM မိုဘိုင်းဖုန်းလိုင်း ကွန်ရက်များသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ချထားပေး မည့် မိုဘိုင်း ဖုန်းလိုင်းများမှာ GSM များသာ ဖြစ်လာနိုင်ကြောင်း မိုဘိုင်း အင်ဂျင်နီယာမှူးတစ်ဦးက ပြောသည်။

နိုင်ငံတကာ အဆင့်အတန်းမီသည့် GSM ဖုန်းလိုင်းများကိုသာ အသုံးပြုသူများအနေဖြင့် အသုံးပြု ကြသော်လည်း လက်ရှိအချိန်၌ MEC ၏ CDMA ဖုန်းလိုင်းများကိုသာ ရောင်းချပေးနေသည့်အတွက် အသုံးပြုသူများမှာ ရရှိရာ ဖုန်းလိုင်း ကိုသာ အသုံးပြုကြရသည် ဟု မိုဘိုင်းဖုန်းဆိုင်တချို့က ပြောသည်။ “GSM ချထားပေးမယ်ဆို ကောင်းတာပေါ့။ အားလုံးကလည်း ဒါကိုပဲ မျှော်နေကြတာပါ။ ဈေးကွက်က သိပ်ပြီး ပြောင်းလဲသွားမယ် မထင်ဘူး။ ဆိုင်တွေကလည်း များတယ်။ ထွက်တဲ့ကတ် ကလည်း နည်းတယ်။ သူမိတ်နဲ့ သူနဲ့ပဲသွား မယ်ထင်တယ်။ အရင်လို CDMA 800 ဖုန်းတွေလိုပဲ ဖြစ်မယ်ထင်တယ်” ဟု ACE ဟန်းဆက်အ ရောင်းဆိုင်မှ ဦးသန်းထိုက်က ပြောသည်။

Myanmardaily.net shared & credit to >>Internet Journal<<

No comments:

Post a Comment