Wednesday, July 3, 2013

UAE တွင် အာဏာသိမ်းရန်ကြံစည်မှုဖြင့် လူ ၆၀ ကျော်ကို ဖမ်းဆီးထောင်ချ အဘူဒါဘီ၊ ဇူလိုင် ၂

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တွင် အာဏာသိမ်းရန်ကြံစည်မှုဖြင့် လူ ၉၄ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၆၅ ဦးထက်မနည်း ထောင်ဒဏ် ချမှတ်ခံခဲ့ရသည် ဟု အေပီသတင်းဌာနတွင် ဖော်ပြထားသည်။

ပင်လယ်ကွေ့ ဒေသတစ်လျှောက် အာရပ်နွေဦး လှုပ်ရှားမှု ကျယ်ပြန့်လာမှုကို မီးမောင်းထိုးပြနေသည့် ထိုတရားစီရင်မှု အတွင်းတွင် အချို့မှာ ထောင်ဒဏ် ၁၅ နှစ် အထိ ချမှတ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

လူ့အခွင့်အရေး အဖွဲ့အစည်းများကမူ ကျောင်းဆရာများ၊ ရှေ့နေများနှင့် အာဏာ ပိုင်များ၏ ဆွေမျိုးတစ်ဦး အပါအဝင် လူ ၉၄ ဦးကို အတင်းအဓမ္မ ဖမ်းဆီးစစ်ဆေးခဲ့သည် ဟု စွပ်စွဲခဲ့ကြသည်။

သို့သော် UAE အာဏာပိုင်များက ဝေဖန်စွပ်စွဲမှုများကို မျက်ကွယ်ပြုခဲ့ပြီး Egypt’s Muslim Brotherhood ကဲ့သို့သော အစ္စလာမ္မစ် အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိသည်ဟု သံသယရှိသူများ ကို ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင် ခဲ့သည်။

အာဏာသိမ်းရန် ကြံစည်မှုဖြင့် အစွပ်စွဲခံခဲ့ရသူ များထဲမှ တရားရုံးသို့ အမှု လာရောက်စစ်ဆေးခံခြင်း မရှိသူ ရှစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ပြီး ကျန်လူ ၆၀ ကျော်ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် ခဲ့ကာ ၂၆ ဦးအား တရားသေ လွှတ်ပေး ခဲ့သည်ဟု အာရပ်နွေဦးကာလ အတွင်း UAE နိုင်ငံတွင် ဖြစ်ပွားခဲ့သော ရှေးဦးလှုပ်ရှားမှု များ၌ အဖမ်းဆီးခံခဲ့ရဖူးသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Ahmed Mansoor က ပြောကြားသည်။

ပင်လယ်ကွေ့ဒေသ နိုင်ငံများတွင် အင်တာနက်ပေါ်၌ အာဏာပိုင်များကို ဆန့်ကျင်သော အရေးအသားများ ရေးသားသောကြောင့် ဖမ်းဆီးထောင်ချခံရသူများ အများအပြား ရှိပြီး ပင်လယ်ကွေ့ နိုင်ငံများ၏ အာဏာပိုင်များက အီရန်နိုင်ငံနှင့် ၄င်းနိုင်ငံ က ကျောထောက်နောက်ခံ ပေးထားသော အဖွဲ့အစည်းဖြစ်သည့် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အဆက်အသွယ် ရှိသူများကို ဖမ်းဆီးအရေး ယူနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။

သို့သော် ထိုနိုင်ငံများထဲတွင် UAE နိုင်ငံမှာ အစ္စလာမ္မစ် အဖွဲ့များ၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် အပြင်းထန်ဆုံး ဖြစ်ပြီး ၄င်းတို့အနေဖြင့် Egypt’s Muslim Brotherhood အဖွဲ့နှင့် ဆက်နွှယ်နေသည့် အာဏာသိမ်းရန် ကြံစည်မှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော အီဂျစ်နိုင်ငံသား ၃၀ ဦးနှင့် UAE နိုင်ငံသားများကို ဖမ်းဆီးစစ်ဆေး သွားမည်ဟု UAE အာဏာပိုင်များက ပြီးခဲ့သော လကတည်းက ပြောကြားထား ခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်ရပ်ကြောင့် UAE နိုင်ငံနှင့် Egypt’s Muslim Brotherhood အဖွဲ့က ကျောထောက်နောက်ခံ ပေးထားသော သမ္မတမော်စီ၏ အစိုးရအဖွဲ့ အုပ်ချုပ်လျက် ရှိသည့် အီဂျစ်နိုင်ငံ တို့အကြား တင်းမာမှုများ မြင့်တက်သွား ခဲ့သည်။

The Voice

No comments:

Post a Comment