Tuesday, September 10, 2013

နေ့လယ်ခင်း အိမ်ပေါ်တက်ဓားထောက်လုယက်မှု အင်းတကော်တွင်ဖြစ်ပွား ပဲခူး စက်တင်ဘာ ၉

ပဲခူးမြို့နယ် အင်းတကော်ရဲ စခန်းအပိုင် တောင်ကြီးကွဲကျေးရွာ ရန်ကုန်-ပဲခူး လမ်းမကြီးပေါ်ရှိ စိုးရတနာလင်း ဓာတ်ဆီဆိုင်နှင့်ရွှေလီ ဓာတ်ဆီဆိုင်အကြား အိမ်အမှတ် (၁၁/၃၅)တွင် နေထိုင်သူ ဒေါ်ခင်မြင့် (၇၃ နှစ်)သည် စက်တင်ဘာ ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် နေအိမ်၌ တစ်ယောက်တည်းရှိနေခဲ့စဉ် ဘောင်းဘီရှည် ဝတ်ဆင်သူ နှစ်ဦးနှင့် ပုဆိုးဝတ်ဆင်သူတစ်ဦးတို့ နေအိမ်ခြံဝင်းအတွင်းသို့ ''ဆရာမ ရှိသလား'' ဟု ဆိုကာ ဝင်လာပြီး ၄င်းတို့၏မျက်နှာများကို မျက်နှာဖုံး စွပ်လိုက်ကြသည်။

ပုဆိုးဝတ်ထားသူက ဒေါ်ခင်မြင့်ကို ဆွမ်းလောင်းစားပွဲပေါ်ရှိ စောင်နှင့်အုပ်လိုက်ပြီး အနီးရှိကြိုးနှင့် ခြေလက်တို့ကို ချည်နှောင်၍ ဓားဖြင့်ထောက်ကာ နားကပ်ကိုချွတ်ယူသည်။ ကျန်နှစ်ဦးက နေအိမ်အပေါ်ထပ်သို့ တက်သွားသည့်အသံကြားရပြီး သေတ္တာများကို မွှေနှောက်ရှာဖွေ ခဲ့ကြသည်။ အချိန်အနည်းငယ် ကြာသည့်အခါ အိမ်ပေါ်တက်သူများဆင်းလာပြီး ဒေါ်ခင်မြင့်ကို ဓားနှင့်ထောက်ထားသူကို ''မင်းခဏ နေဦး''ဟု ပြောကာ အိမ်ရှေ့ဘက်သို့ ထွက်သွားကြပြီးနောက် ကျန်တစ်ဦးလည်း ထွက်ပြေးသွားခဲ့သည်။

ခဏအကြာတွင် ဒေါ်ခင်မြင့်၏ သားဖြစ်သူ ဈေးရောင်းသွားရာမှ ပြန်ရောက်လာပြီး ချည်နှောင်ထားသောကြိုးများကို ဖြေပေးခြင်း၊ စောင်ကိုခွာပေးခြင်းများ ပြုလုပ်ပေးပြီးနောက် အိမ်အပေါ်ထပ်သို့ တက်ကြည့်ရာ သေတ္တာထဲမှ ရွှေထည်ပစ္စည်းသုံး ကျပ်သားကျော်ခန့်ရှာဖွေ ယူဆောင်သွားကြောင်း သိရသည်။

အမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အင်းတကော် စခန်းမှူးတို့က ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုကိုဦး

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment