အိန္ဒိယနိုင်ငံတွင် ကွမ်းခြောက်နှင့် အခြားဆေးရွက်ကြီးပါသော အစားအသောက် ပစ္စည်းများ ထုတ်လုပ်ခြင်း၊
ရောင်းဝယ်ဖောက်ကားခြင်း မပြုရန် တားမြစ်ထားသည့်အတွက် ယင်းတားမြစ်
ပစ္စည်းများ မြန်မာနိုင်ငံ အတွင်းသို့ အလုံးအရင်းဖြင့်
ဝင်ရောက်လျက်ရှိကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီး ကြော်ငြာခြင်း၊
အရောင်းမြှင့်တင်ခြင်း၊ ပံ့ပိုးခြင်း၊ တားမြစ်ခြင်းဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲတွင် ဖြန့်ဝေခဲ့သည့် အချက်အလက်များအရ သိရသည်။
ယင်းအမိန့်မှာ ကွမ်းခြောက်နှင့် အ ခြားဆေးရွက်ကြီးပါသော အစားအသောက် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုရန် တားမြစ်ပိတ်ပင်သည့် အမိန့် (Supreme Court Order for Prohibiting Sale and Distribution of Gutkha and other food products containing tabacco as an ingredient , based on Food Safety and Standards Regulation) ဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ပြည်နယ် ၂၇ ခုရှိသည့်အနက် ပြည်နယ် ၂၀ တွင် (၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်တွင် ဥပဒေ အသက်ဝင်သည့် လူဦးရေသန်း ၁၅၀ ကျော်ရှိသော အူတာပရာဒေ့ရှ်ပြည်နယ် အပါအ၀င်) နှင့် ဗဟိုအုပ်ချုပ်သည့် နယ်မြေလေးခုတွင် ယင်းတားမြစ်သည့် အမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပတ်ဝန်းကျင် ညစ်ညမ်းစေခြင်း ထိန်းချုပ်သည့် ဥပဒေနှင့် ကွမ်းခြောက်နှင့် အခြားဆေးရွက်ကြီးပါသော အစားအသောက် ပစ္စည်းများ အားလုံးကို ပလတ်စတစ်ဖြင့် ထုပ်ပိုးခြင်းကိုလည်း တားမြစ်ထားကြောင်း၊ ထိုဥပဒေကြောင့် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်ရောင်းချနေသော ဆေးရွက်ကြီးထွက် ပစ္စည်းများ ပါဝင်သည့် ကွမ်းခြောက်အထုပ် သန်းပေါင်းများစွာသည် မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာနိုင်ကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ နည်းဥပဒေများ အချိန်မီ ပြဋ္ဌာန်းနိုင်ရန် အရေးတကြီး လိုအပ်နေကြောင်းလည်း သိရသည်။
အိန္ဒိယနိုင်ငံ၌ တွင်ကျယ်စွာ ရောင်းချနေသော ဆေးရွက်ကြီးထွက် ပစ္စည်းများ ပါဝင်သော ကွမ်းခြောက် (Gutka or Pan masala) သည် ဓာတုပစ္စည်းပေါင်း ၃၀၉၅ မျိုး ပါဝင်ပြီး ယင်းဓာတုပစ္စည်းများအနက် ၂၈ မျိုးမှာ လူတွင်ကင်ဆာရောဂါ ဖြစ်စေသည့် ပစ္စည်းများ ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်းသို့ အိန္ဒိယနိုင်ငံမှ ဆေးပေါင်းများ တရားဝင် တင်သွင်းခွင့် မပြုထားသော်လည်း မြန်မာ-အိန္ဒိယ နယ်စပ်မြို့များဖြစ်သည့် ကလေး၊ တမူးဒေသများမှ တရားမ၀င် တင်သွင်းမှု များပြားနေကြောင်း သိရသည်။
"မြန်မာနိုင်ငံ အနေနဲ့ အဲဒီဆေးတွေကို သွင်းကုန်လိုင်စင် ပေးမထားဘူး။ နယ်စပ်ဈေးကနေပြီးတော့ ခြင်းတွေနဲ့ဆွဲပြီး တရားမ၀င် လမ်းကြောင်းကနေ ၀င်တာမျိုးတွေ ရှိတယ်။ အဲဒီဆေးပေါင်းတွေက အိန္ဒိယနိုင်ငံက ထုတ်ပေမယ့် သူတို့နိုင်ငံမှာ စားသုံးဖို့ မသင့်ဘူးလို့ ကြေညာထားတဲ့ ဆေးအမျိုးအစားထဲမှာ ပါဝင်နေတယ်။ ဒါတွေကို မြန်မာနိုင်ငံကို တင်သွင်းနေတာပါ" ဟု စားသုံးသူ ကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့တွင် ရရှိထားသည့် စာရင်းများအရ ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှု အများဆုံးဖြစ်သည့် နိုင်ငံခြောက်နိုင်ငံတွင် မြန်မာအမျိုးသားများ၏ ကွမ်းစားသုံးမှုနှုန်းမှာ ၅၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ပထမနေရာတွင် ရှိနေကြောင်း သိရသည်။
အိန္ဒိယ အမျိုးသားများတွင် စားသုံးမှုနှုန်းမှာ ၃၂ ဒသမ ၉ ရာခိုင်နှုန်း၊ နီပေါအမျိုးသားများတွင် ၃၁ ဒသမ ၂ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် အမျိုးသားများတွင် ၂၆ ဒသမ ၄ ရာခိုင်နှုန်း၊ သီရိလင်္ကာ အမျိုးသားများတွင် ၂၄ ဒသမ ၉ ရာခိုင်နှုန်းနှင့် ထိုင်းအမျိုးသားများတွင် ၁ ဒသမ ၃ ရာခိုင်နှုန်းတို့ အသီးသီးရှိကြောင်း သိရသည်။
ရန်ကုန်မြို့ အတွင်းရှိ ကွမ်းယာဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ - အိသဉ္ဖာကျော်)
Eleven Media Group

No comments:
Post a Comment