Wednesday, July 3, 2013

မန္တလေးမြို့ အဓိက လမ်းမကြီးများပေါ်တွင် ကျူးကျော်ဆိုင်များ မထွက်ရှိရေး ဆောင်ရွက်မည် 3-7-2013


မန္တလေးမြို့ အဓိက လမ်းမကြီးများပေါ်တွင် ကျူးကျော်ဆိုင်များ မထွက်ရှိစေရေးအတွက် စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မလိုက်နာပါက တရားစွဲဆိုခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ စုံစမ်းသိရှိရသည်။

"အခုလို ကျူးကျော်ဆိုင်တွေကို စီမံချက် ပြုလုပ်ရာမှာ ပထမအကြိမ်ကို ပညာပေး အကြောင်းကြားမယ်။ ဒုတိယအကြိမ် ၀န်ခံကတိပြု ရေးထိုးခိုင်းမယ်။ တတိယအကြိမ် စစ်ဆေးမယ်။ အဲဒါတွေပြီးသွားရင် တရားစွဲဆိုခြင်းတွေကို ဆောင်ရွက်သွားမှာပါ။ ဒီလိုပြုလုပ်ရတာကလည်း မန္တလေးမြို့ သာယာလှပရေးအတွက် ပြုလုပ်ခြင်း ဖြစ်ပါတယ်" ဟု အခွန်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဓိက လမ်းမကြီးများပေါ်တွင် ကျူးကျော်ဆိုင်များ မထွက်ရှိစေရေးကို ဇွန် ၂၅ ရက်မှ စတင်ပြီး ဇူလိုင် ၃၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အခုဆိုရင် အဓိက လမ်းမကြီးတွေဖြစ်တဲ့ ၆၂ လမ်း၊ ၆၆ လမ်း၊ လမ်း ၈၀၊ ၈၆ လမ်းနဲ့ ကမ်းနားလမ်းတွေကို ၁၂ လမ်းကနေ ၂၆ လမ်းအထိ၊ ၂၆ လမ်းကို မန္တလေး-ပြင်ဦးလွင် ကားလမ်းမှ ကမ်းနားလမ်းထိ၊ ၂၂ လမ်းကို လမ်း ၈၀ မှ ကမ်းနားလမ်းထိ၊ ၁၉ လမ်းကို မန္တလေး-ပြင်ဦးလွင် ကားလမ်းမှ ၆၆ လမ်းအထိ၊ ၁၉ လမ်းကို လမ်း ၈၀ မှ ကမ်းနားလမ်းအထိ၊ ၁၂ လမ်းကို ၆၂ လမ်းမှ ကမ်းနားလမ်းအထိ၊ မန္တလေး တောင်ပတ်လမ်းကို ၆၆ လမ်းမှ ၇၃ လမ်းအထိကို စီမံချက်နဲ့ ရှင်းလင်းနေတာပါ" ဟု ၎င်းကဆက်လက် ပြောကြားသည်။

"လမ်းမှာဆိုရင် သွားလို့မရအောင် ဆိုင်ခန်းတွေကနေ သူတို့ကုန်ပစ္စည်းတွေကို လမ်းဘေးပလက်ဖောင်းပေါ်မှာ ရောင်းချနေကြတာ။ ဒီလိုမျိုးတွေ ရောင်းချတော့ ပလက်ဖောင်းပေါ်မှာ၊ လမ်းပေါ်မှာ သွားကြတဲ့ လူအများစု သွားရလာရတာ ခက်ခဲတယ်" ဟု ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တွင်း တစ်နေရာရှိ လမ်းမကြီးများပေါ်သို့ ကျွံထွက်နေသော ကျူးကျော်ဈေးဆိုင် အချို့ကို တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment