Friday, July 12, 2013

“နိုင်ငံသားမဟုတ်သူများ ပါတီထူထောင်ခွင့်နှင့် မဲပေးပိုင်ခွင့်ကို ဖျက်သိမ်းပေးရန် RNDP-ပါတီ တောင်းဆို”


မြန်မာနိုင်ငံအတွင်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသော နိုင်ငံသားမဟုတ်သူများအား ပါတီထူထောင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်နှင့် ဆန္ဒမဲပေးနိုင်ခွင့် ရရှိနေခြင်းကို အမြန်ဆုံးဖျက်သိမ်းပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတတ်ရေးပါတီ(RNDP)မှ မေလ(၂၇)ရက်နေ့က အမ်းမြို့တွင် ကျင်းပသော ပထမအကြိမ် ဗဟိုကောင်မတီ နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးမှ တောင်းဆိုလိုက်သည်။

အဆိုပါ နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးကို မေလ(၂၇)မှ (၂၉)ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပကာ အချက်(၆)ချက်ပါသော ၁/၂၀၁၃-သဘောထား ထုတ်ပြန် ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက် အပုဒ်(၂)တွင် ပါရှိသည့် ယာယီသက်သေခံကဒ် ကိုင်ဆောင်၍ ပါတီထူထောင်ခွင့်နှင့် မဲပေးပိုင်ခွင့်ကို ပယ်ဖျက်ပေးရေး ကိစ္စနှင့်ပါတ်သက်၍ FNDP-ပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက အာရ်ကန်တိုင်းမ်စ်သို့ ယခုလိုပြောသည်။

“၂၀၁၀-ရွေးကောက်ပွဲ မတိုင်မီမှာ ဘူးသီးတောင်၊ မောင်တောဘက်ကတက်တဲ့ လွှတ်တော် အမတ်တွေဟာ နိုင်ငံသားမဟုတ်၊ သူတို့ မိဘတွေကလည်း နိုင်ငံသားမဟုတ်ဆိုတာကို ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ ၂၀၁၀-ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စလှယ်လောင်း နာမည်စာရင်း အမည်ပေးရပါတယ်။ စာရင်းလည်းသွင်းပြီးရော ဒီလူတွေဟာ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားလာတဲ့ လူတွေမဟုတ်ဆိုတာကို ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ တိုင်းရင်းသားတွေက လက်မှတ်ထိုးပြီးတော့ စာတင်ခဲ့ကြတယ်။ ကျနော်တို့ ယင်းဒေသက ကော်မရှင်နှင့် ခရိုင်ကော်မရှင်ကပါ ကန့်ကွက်ခဲ့ပါတယ်။ ဒါတောင် မကလို့ ပြည်နယ် ကော်မရှင်ကလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သို့သော် ပြည်ထောင်စု ကော်မရှင်က ဒီကိစ္စုကို ဘာတစ်ခုမှ အဖြေမပေးခဲ့ဘဲနဲ့ ဗဟိုရဲ့ အမိန့်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်သွင်းခွင့်ကို ခွင့်ပြုလိုက်ပါတယ်။ ဒီလိုလုပ်တာဟာ ၂၀၀၈-ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ကိုက်ညီမှုမရှိဘူး။ ဒါကြောင့် ကျနော်တို့က လုံးဝပယ်ဖျက်ပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။”ဟု ပြောသည်။

မျက်နှာစုံညီ အစည်းအဝေးမှ မေလ(၂၉)ရက်နေ့က ထုတ်ပြန်လိုက်သည့် ကြေငြာချက်မှာ “RNDP-ပါတီနှင့် ALD-ပါတီတို့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောက်ရွက်ရေး၊ တရားမဝင်နိုင်ငံသား မဟုတ်သူ ဘင်္ဂလီများမှာ အစိုးရ၏ လုပ်ငန်းလိုင်စင်များကို ဆွဲယူခွင့်နှင့် မြေယာလုပ်ပိုင်ခွင့်များ ရရှိနေခြင်းကို အမြန်ဆုံးပယ်ဖျက်ပေးရေး၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်ရှိ ဒေသခံများမှာ စီမံကိန်းကြောင်း ဆုံးရှုံးနစ်နာမှုများ မရှိရအောင် အခိုင်အမာ ရပ်တည်ကာကွယ်ပေးရေး၊ ရွှေသဘာဝဓာတ်ငွေ့ကို ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီး ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲခွင့်ရရှိရေး၊ ပြည်ထောင်စု ကော်မရှင်မှ အကြံပြုတောင်းဆိုထားသည့် အချိုးကျကိုယ်စားလှယ်ပြု စနစ်(PR)ဖြင့် ပြောင်းလဲကျင့်သုံးခြင်းကို လုံးဝကန့်ကွက်ရေး။”ဖြစ်ကြောင်း ကြေငြာချက်တွင် ပါရှိသည်။

(အတွဲ(၂)၊ အမှတ်(၇) ဇူလိုင်လ၊ ၂၀၁၃-ခု ထုတ် ဖွံ့ဖြိုးတိုးတက်ရေး သတင်းဂျာနယ်-မှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment