ဒေါ်စန္ဒာမင်းရဲ့ စကားလေးတစ်ခုကို သဘောကျမိပါတယ်
ဒေါ်စန္ဒာမင်းရဲ့
စကားလေးတစ်ခုကို သဘောကျမိပါတယ်။ ဘာတဲ့ … “ရဲတချို့ကတော့ လူကိုမခင်ရင်
ထောင်ထဲပို့ပြီး လူကိုခင်ရင် မူကိုပြင်ပြီး အိပ်ခန်းထဲခေါ်သွားကြတယ်လို့လည်း
ပြည့်တန်ဆာလောက ကနေသိနေရပါတယ်” တဲ့။ ဒီစကားကို ကြားရတော့
နေပူတော်ပျဉ်းမနားက နယ်ထိန်းရဲတပ်ကြပ်တင်စိုး ကိုသတိရမိတယ်။ သူ့အတွက်တော့
မာဆတ်ကကောင်မလေးတွေကို “နင်တို့ဆိုင်ကို ဖမ်းလိုက်ရမလား” ဆိုတဲ့
စကားတစ်ခွန်းနဲ့တင် လိုချင်တဲ့ကိစ္စ၀ိစ္စတွေ အကုန်ပြီးနိုင်ပါတယ်။
သူတင်ပဲလားဆိုတော့ နယ်ထိန်းညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ လတ်ကြီး၊ လတ်လေး
တို့လည်း နာမည်ကျော်တွေပါပဲ။ တစ်ယောက်က တပ်ကြပ်ကြီး၊ တစ်ယောက်က
တပ်ကြပ်ထင်ပါရဲ့။ သူတို့ကို ကလန်ကဆန်လုပ်မိလို့ အဖမ်းခံရတဲ့ဆိုင်၊
ထောင်တဲ့ရောက်သွားတဲ့ သူတွေလည်း မနည်းပါဘူး။ အနှိပ်ခန်းတွေကို
အနိုင်ကျင့်တတ်တာ ရဲတွေချည်းပဲတင် မဟုတ်ပါဘူး။ စစ်တပ်က ငတိတွေလည်း
ရှိပါတယ်။ တပ်ကြပ်လောက်က သူ့ကိုယ်သူ ဗိုလ်ကြီးလို့ ပြောပြီး
ဝင်အနိုင်ကျင့်တာတွေလည်း ရှိပါတယ်။ သူတို့လည်း လိုချင်တာမရရင်
ရဲစခန်းသွားတိုင်ပြီး ချက်ချင်းဖမ်းခိုင်းတာမို့ ခမျာတို့ကိုလည်း မာဆတ်တွေက
ကြောက်ရပါတယ်။ လိုချင်တာပေးရပါတယ်။ ရဲတွေကလည်း စစ်တပ်က လာတိုင်တာဆိုတော့
မဖမ်းပဲမနေရဲလို့ ချက်ချင်းသွားဖမ်းပေးရတာပေါ့ဗျာ။
နေပူတော်မှာရှိစဉ်တုန်းက ကိစ္စတစ်ခုနဲ့ကြုံလိုက်ပါသေးတယ်။
တစ်ညမှာ အောက်ဆိုက်တွေ ဖောဖောသီသီရတဲ့ တပ်တစ်ခုက စစ်သားတစ်ယောက်နဲ့ မာဆတ်က
ကောင်မလေး ပြဿနာတက်ပါတယ်။ ငတိက မာဆတ်ကို အနှိပ်ခံဖို့ရောက်လာပြီး
အခန်းထဲရောက်တော့ ဟိုဟာဒီဟာ တောင်းတာပေါ့ဗျာ။ ကောင်မလေးက ဒီမာဆတ်မှာ
ဒါမျိုးမရကြောင်း၊ အဲဒါမျိုးဖြစ်ချင်ရင် ဘယ်ဆိုင် ဘယ်ဆိုင်တွေကို
သွားပါဆိုပြီးပြောတော့ ပြဿနာ ဖြစ်တော့တာပါပဲ။ အဲဒီတပ်ကြပ်က ခုံတွေဘာတွေ
ဆောင့်ကန်ပြီး “ငါ့ကို ဘာမှတ်လဲကွ၊ ငါက ဘယ်တပ်က ဗိုလ်ကြီး၊
မင်းတို့ဆိုင်ကို ခုချက်ချင်းလာဖမ်းမယ်” လို့ ကြိမ်းမောင်းပြီး
ထွက်သွားပါတယ်။ အဲဒီတော့ ဆိုင်ပိုင်ရှင်တွေကလည်း ထိတ်ထိတ်ပျာပျာဖြစ်ပြီး
ဟိုဆက်သွယ် ဒီဆက်သွယ်လုပ်တာကနေ ကျွန်တော့်ဆီ သတင်းရောက်လာပါတယ်။
သူပြောသွားတဲ့တပ်က တပ်ရင်းမှူးကလည်း ကျွန်တော့် အင်မတန်ခင်တဲ့
မိတ်ဆွေဖြစ်နေတာ့ ဖုန်းဆက်ပြီး “သူငယ်ချင်းတပ်မှာ ဗိုလ်ကြီး…. ဆိုတာ
ရှိလား” လို့ မေးမြန်းရပါတော့တယ်။ “မင်းပြောတဲ့ နာမည်နဲ့ဆို ငါ့တပ်မှာ
ဗိုလ်ကြီးတော့ မရှိဘူးဟ၊ တပ်ကြပ် တစ်ကောင်တော့ ရှိတယ်။ ဘာဖြစ်လို့လဲ။”
ဆိုတော့ အကျိုးအကြောင်း ပြောပြရပါတယ်။ အတိုချုံးပြောရရင်တော့ အဲဒီနေ့က
ဟ၀ှါတောင်လို့ ပြဿနာရှာတဲ့ ငတိကို ရဲစခန်းအထိ လိုက်ခေါ်ရင်း
စကားများကြပါသေးတယ်။ စကားများရင်းနဲ့ စိတ်မထိန်းနိုင်လို့
လက်သီးနဲ့နှစ်ချက်လောက် ထိုးမိလိုက်မိပါတယ်။ ငတိက ကျွန်တော့်တော့
ဘာမှပြန်မရဲပေမဲ့ သူ့တပ်ရင်းမှူးကို ပြန်တိုင်ပါတယ်။ သူ့ရဲဘော်ကို
ထိုးရပါမလားဆိုပြီး သူငယ်ချင်းတပ်ရင်းမှူးကြီးက စိတ်ကောက်သွားလိုက်တာ
ခုထိပါပဲ။ ဖုန်းဆက်ရင်တောင် သိပ်မကိုင်ချင်တော့ဘူး။ မတော်တဆတွေ့ရင်တောင်
မျက်ခွက်ကြီးစူပုတ်နေတုန်းပဲ။
(မိုးဇေညိမ်း)
No comments:
Post a Comment