ရန်ကုန်တိုင်းဒေသကြီး
ကျောက်တန်းမြို့နယ်ရှိ ပါဒချောင်းဝတွင် ဇူလိုင်လ ၉ ရက် နေ့ ညနေ ၅ နာရီ
၃၅မိနစ်က အဋ္ဌမတန်း ကျောင်းသားတစ်ဦး ဘောလုံး ဆင်းကောက်ရာမှ
ရေနစ်သေဆုံးသွားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
ကျောက်တန်းမြို့နယ် အရှေ့ပိုင်း ရပ်ကွက် ငွေသောင်ယံ (၁)လမ်းနေ အသက် ၁၃ နှစ်အရွယ်ရှိ အဋ္ဌမတန်းကျောင်းသား မောင်သီဟမင်းသည်
ညီဖြစ်သူ ကြယ်စင်ခနှင့် ဘောလုံးကစားနေစဉ် ပါဒချောင်းထဲသို့ ဘောလုံး
လွင့်ကျသွားသဖြင့် ဆင်းဆယ်ရာမှ ရေနစ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ
အမှုစစ် ရဲအရာရှိက TheVoice သို့ပြောကြားသည်။
မောင်သီဟမင်းသည်
ကျောက်တန်း မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်
ပညာသင်ကြားနေသော အဋ္ဌမတန်း ကျောင်းသားတစ်ဦးဖြစ်ပြီး မိသားစုဝင် ငါးဦးရှိကာ
သားသုံးဦးတွင် ဒုတိယသား ဖြစ်ကြောင်း၊ အခင်းဖြစ် ပွားသည့်နေရာသည်
ပါဒချောင်းနှင့် မှော်ဝဲချောင်းဆုံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
"ကောင်လေးရေနစ်တော့
အနားမှာ ရှိတဲ့လူတွေလည်း ပိုက်ကွန်နဲ့ ဝိုင်းဆယ် ကြတယ်။ ငါးမိနစ်လောက်
နောက်ကျသွား တယ်။ ဆယ်ပြီးဆေးရုံပို့ဖို့ လုပ်တော့ အသက်မရှိတော့ဘူး။ သူလည်း
ရေတော့ ကူးတတ်ပါတယ်" ဟု ရပ်ကွက်အုပ်ချုပ် ရေးမှူးက ထပ်မံပြောကြားသည်။
အဆိုပါ ရေနစ်သေဆုံးမှုနှင့် ပတ်သက်ပြီး အလောင်းကို ကျောက်တန်းမြို့နယ်
ဆေးရုံသို့ ပို့ဆောင်ကာ သေမှုသေခင်း အမှတ်-၁၈/၁၃ ဖြင့် အမှုဖွင့်ထားကြောင်း
ကျောက်တန်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
No comments:
Post a Comment