ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန
၂၂ ခုနှင့် ဗဟိုအဖွဲ့အစည်းငါးခုက သုံး၍မကုန်သော ပိုလျှံငွေ ကျပ်သန်းပေါင်း
ခုနစ်သောင်းကျော်ကို အချိန်မီပြန်လည် အပ်နှံခြင်း မရှိခဲ့ကြောင်း
ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင်
ဖော်ပြသည်။
ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပသော
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ
ဒုတိယဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသည် ဘဏ္ဍာငွေကို
အမှန်တကယ် လိုအပ်သည်ထက် ပိုမိုတောင်းခံပြီး ရာခိုင်နှုန်း မြင့်မားစွာ
ပြန်လည် အပ်နှံခဲ့ကြကြောင်း ပြောကြားသည်။
၂၀၁၁-၂၀၁၂
ဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ်မှ သုံး၍မကုန်သော ပိုလျှံငွေများကို ၂၀၁၂
ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနသို့
ပြန်လည်ပေးသွင်း ရမည် ဖြစ်သော်လည်း စက်တင်ဘာလတွင်မှ ပေးသွင်းခဲ့ကြကြောင်း
ပိုလျှံဘဏ္ဍာငွေများကို အချိန်မီ ပေးသွင်းပါက ဘဏ္ဍာငွေ လိုအပ်နေသော
ဝန်ကြီးဌာနများနှင့် စီမံကိန်းကြီးများသို့ ခွဲဝေသုံးစွဲပေးနိုင်မည်
ဖြစ်ကြောင်း ဦးသူရိန်ဇော်က ဆိုသည်။
“ဘတ်ဂျက်မှာ လိုတာထက်
ပိုတောင်းထားတဲ့အပြင် သုံးလို့မကုန်တာတောင် အချိန်မီ ပြန်မပေးတဲ့သဘောပါ” ဟု
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးကဆိုသည်။
ပိုလျှံဘဏ္ဍာငွေများကို အချိန်မီ ပြန်လည်အပ်နှံခြင်း မရှိပါက
အကျိုးဆက်အနေနှင့် စာရင်းလွဲမှားမှု၊ မမှန်မကန် ဆောင်ရွက်မှုနှင့်
အလွဲသုံးစားမှုများ ပေါ်ပေါက်စေနိုင်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏
အစီရင်ခံစာတွင် ဖော်ပြထားသည်။
_________________________
ဟိုးဟိုးကျော် (Ref : The Voice)
No comments:
Post a Comment