ပဲခူးရိုးမမှ
ဖမ်းဆီးရမိသည့် မျောက်များကို စားသုံးမှုများရှိ၍ မျောက်သား တစ်ပိဿာ
ကျပ်တစ်သောင်းခွဲဖြင့် ဈေးကောင်း ပေးဝယ်ယူလျက် ရှိသည့်အတွက်
တရားမဝင်ဈေးကွက် ဖြစ်ပေါ်လျက်ရှိကြောင်း ပဲခူးရိုးမ အနီးဝန်းကျင်မှ
ဒေသခံများနှင့် ရန်ကုန်မြို့ရှိ စားသုံးသူများထံမှ စုံစမ်း သိရှိရသည်။
ယခင်လများက မျောက်သား တစ်ပိဿာ ကျပ်တစ်သောင်းခန့်ဖြင့် ဝယ်ယူ ရရှိရာမှ ယခုအခါ
ကျပ်တစ်သောင်းခွဲဖြင့် ယင်းဒေသရှိ နီးစပ်ရာ မိတ်ဆွေများမှ တစ်ဆင့် မှာယူကာ
ဝယ်စားနေရကြောင်း ရန်ကုန်မြို့တော်မှ မျောက်သားမှာယူ စားသုံးသူတစ်ဦးက
ပြောဆိုသည်။
စားသုံးသူများ ရှိနေသရွေ့ မျောက်များ သတ်ဖြတ်ခြင်း
ခံနေရမည်ဖြစ်ကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်ဖြင့် ကြည့်ပါက
လုံးဝမကောင်းကြောင်း ပဲခူး တိုင်းဒေသကြီး အနောက်ပိုင်း သစ်
ထုတ်လုပ်ရေးလုပ်ငန်းမှ အငြိမ်းစား သစ်တောအရာရှိတစ်ဦးက ပြောကြားသည်။
သစ်တောအတွင်း မျောက်များ ပစ်ခတ်စားသောက်ခြင်းနှင့် ပတ်သက်၍
အရေးယူဆောင်ရွက်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သက်ဆိုင်ရာ သစ်တောဥပဒေ
အပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။
အများဆုံး
စားသုံးကြသော မျောက်အမျိုးအစားများမှာ မျောက်ညိုအမြီးရှည် နှင့် အမြီးတို၊
ပင်လယ်မျောက် (မျောက်နီစပ်) နှင့် မျောက်လေပွေ တို့ဖြစ်ပြီး မျောက်ညို
အမြီးရှည်မှာ သစ်ရွက်များသာ စား၍ ချေးခါးကိုလည်း စားသုံးနိုင်ကာ
မျောက်ဖင်နီကိုမူ စားသုံးသူ နည်းပါးကြောင်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် အားလုံးအတွက် ပြင်ဆင်ရေးဆွဲထားသော
၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဥပဒေဖြင့် အကာအကွယ်
ပေးထားသော်လည်း ပဲခူးတိုင်းဒေသကြီးတွင် မျောက်မျိုးစိတ်များ
ရှားပါးလာပြီဖြစ်ကြောင်း မြန်မာ ငှက်ဝါသနာရှင်အသင်း ဒုတိယဥက္ကဋ္ဌ
ဦးသိန်းအောင်က ပြောကြားသည်။
မည်သည့်နည်းဖြင့်မျှ တောရိုင်း
တိရစ္ဆာန်များကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာန၏
ခွင့်ပြုမိန့်မရရှိဘဲ လက်ဝယ်ထားရှိခြင်း၊ အလှမွေး မြူခြင်း၊
ပစ်ခတ်စားသောက်ခွင့် မရှိသော်လည်း စားသောက်ဆိုင် အများအပြား၌
တောရိုင်းတိရစ္ဆာန်များကို ဟင်းလျာအဖြစ် ရောင်းဝယ် စားသောက်နေကြကြောင်း
၎င်းကပြောဆိုသည်။
(ဖရန်ကလင်)
No comments:
Post a Comment